ဒေါနိုးကူး ကရင်နီ စစ်ရှောင်စခန်းတွင် ရိက္ခာပြတ်

0
287
ပုံစာ - စစ်ဘေးရှောင်စခန်းတွင် ရိက္ခာ ပြတ်လပ် မလုံလောက်မှုများ ရှိနေသည်

စစ်ဘေးရှောင်ဦးရေ တိုးများလာခြင်း၊ အလှူရှင် နည်းပါးသွားခြင်း အပါအဝင် ထိုင်းအစိုးရက ရိက္ခာသယ်ယူ နေသည့် လမ်းကြောင်းကို ပိတ်ထားသည့်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနိုးကူး ကရင်နီ စစ်ဘေးရှောင် စခန်းတွင် ရိက္ခာ ပြတ်လပ်ခြင်း၊ ရိက္ခာ မလုံလောက်မှုများ ရှိနေသည်ဟု သိရသည်။

ဒေါနိုးကူးစစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဂိုဒေါင်မှူး နော်မူဆီးက “ ဒီ ၂၀၂၃ ခုနှစ်မှာကျတော့ ကျမတို့ လူဦးရေက များလာတဲ့အတွက်ကြောင့်မို့ ကျမတို့က လတိုင်းလိုလို အရင် တစ်နှစ်ကလိုမျိုး ဆန်ထုတ်လို့ မရတော့ဘူးပေါ့နော။ လမ်းကလည်း ပိတ်ထားတော့ ရိက္ခာလာတာလည်း ခက်ခဲတာပေါ့နော။ ဒီရိက္ခာလာတာက ရိက္ခာက လူဦးရေအပေါ် မကိုက်ညီတော့ဘူးပေါ့နော။ လူဦးရေကလည်း များတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲတွင် တိုက်ပွဲများ စတင် ဖြစ်ပွားချိန်က ဒေါနိုးကူး စစ်ရှောင် စခန်းကို ထွက်ပြေးတိမ်းရှောင်လာသည့် လူဦးရေ ၂ ထောင်ကျော်သာ ရှိနေရာကနေ ၂၀၂၃ ခုနှစ်တွင် စစ်ဘေးရှောင် ဦးရေ ၅၀၀၀ နီးပါး အထိ ရောက်ရှိလာသည်ဟု ၎င်းက ဆိုသည်။

လူဦးရေများလာပြီး ရိက္ခာပြတ်လပ်မှုများ ရှိနေသည့်အတွက် ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများဘက် က ယခုထက်ပို၍ ကူညီပေးရန် တောင်းဆိုသည့်အပြင် ထိုင်းဘက်ကလည်း ရိက္ခာသယ်ယူနိုင်ဖို့ လမ်းဖွင့်ပေးရန် တောင်းဆိုသည်ဟု ဒေါနိုးကူး စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေး ကော်မတီရုံး စီမံရေးမှူး ခွန်းရောဘတ်က ပြောသည်။

ခွန်းရောဘတ်က “ကျနော်အနေနဲ့ကျတော့ ဒီထိုင်းအစိုးရတွေကို ကျနော်တို့ ဒီစစ်ရှောင် အတွက်ပေါ့နော်။ လမ်းတွေ ဖွင့်ပေးဖို့ ကျနော်တို့ကို ဘယ်အခြေအနေ ဘယ်အချိန်ခါမှာမဆို ကျနော်တို့ကို ရိက္ခာတွေကို လွတ်လွတ်လပ်လပ် သယ်ခွင့်ပေါ့နော်၊ ပြီးတော့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို လွတ်လွတ် လပ်လပ် ဝင်လာစေချင်တယ်။ အဲဒါလေးတော့ သူတို့ကို အကူအညီတောင်းချင်တာပေါ့” ဟု ပြောသည်။

ရိက္ခာအခက်အခဲ အပြင် မိုးကာ၊ အိမ်သာခွက်၊ ချက်ပြုတ်ဖို့အတွက် အိုး၊ ခွက်၊ ပုဂံ စသည့် အသုံးအဆောင် ပစ္စည်းများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

လူထုတွေကို ဦးတည် တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဟန့်တားပေးရန် နိုင်ငံတကာကို တောင်းဆိုကြောင်း ခွန်းရောဘတ်က အခုလို ပြောဆိုသည်။

“ကျနော်အနေနဲ့ ဒီစခန်း တစ်ခုလုံးသာမကပေါ့နော။ ကျနော်တို့ မြန်မာပြည်တစ်ပြည်လုံးမှာရှိတဲ့ လူတွေ စစ်ရှောင်နေရတဲ့ ပြည်သူတွေကို အကူအညီ တောင်းစေချင်တယ်။ သူတို့ နေရာတိုင်းမှာ လိုအပ်တာပေါ့နော်။ စစ်ရှောင်တိုင်းမှာ ရွာတိုင်းမှာ အကူအညီလည်း လိုအပ်သလို ကျနော်တို့ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ သူတို့ကို အကူအညီ တောင်းချင်တာက ဒီစစ်ကောင်စီကို ပိတ်ပင်ဖို့ပေါ့နော်။ သူတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားပေးဖို့ နိုင်ငံတကာကို အကူအညီတောင်းချင်တယ်။ အခုလက်ရှိ အခုလိုမျိုး ဒုက္ခရောက်နေတဲ့ စစ်ရှောင်တွေကို အကူအညီတွေ လူသားချင်း စာနာထောက်ထားမှုတွေကို ဒီထက်ပိုပြီး ပေးဖို့ ကျနော်တောင်းဆိုတယ်” ဟု ၎င်းက ပြောသည်။

ဒေါနိုးကူးစစ်ဘေးရှောင် စခန်းကို ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ကရင်နီပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်၊ ရှားတောနှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသခံစစ်ရှောင်များ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မူလကျေးရွာ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကရင်နီ ပြည်နယ်ထဲက စစ်ဘေးရှောင်များသည် ရိက္ခာ မလုံလောက်ခြင်း၊ ရိက္ခာပြတ်လပ်ခြင်းများ ကြုံတွေ့နေသည့်အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေအနေဖြင့် ယခုထက်ပိုပြီး ကူညီ ထောက်ပံ့ပေးရန်နှင့် ထိုင်းနိုင်ငံကလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့်အဖွဲ့များကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးရန် စစ်ဘေးရှောင်များနှင့် အကူအညီပေးရေးအဖွဲ့များက တောင်းဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here