ထီးလင်း၊ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

0
174
Photo - YRA (Yaw Revolution Army) သတင်းနှင့်ပြန်ကြားရေး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဧပြီလ ၃ ရက်နေ့တွင် ရေမျက်နီကျေးရွာကို ရောက်ရှိလာပြီး ဒေသခံနေအိမ် များကို စတင် မီးရှို့ဖျက်ဆီးခဲ့ရာမှာ လက်တလော၌ နေအိမ် ၁၅ လုံးနီးပါး မီးလောင်ကျွမ်းပျက်စီးနေကြောင်းနှင့် နေ့လည် ၁ နာရီ အထိ မီးငြိမ်းသတ်နိုင်တာ မရှိသေးဟု သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကျောမြို့ ကပစ ထဲကနေ ထွက်လာသော အင်အား ၇၀ ပါ စစ်ကြောင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျော ကပစက ထွက်လာတဲ့ စစ်ကြောင်းက မီးရှို့တာပါ။ စရှို့ခြင်းတုန်းက နေအိမ် ၅ လုံးလောက်ကနေ အခု တဖြည်းဖြည်း မီးကူးနေတာပါ။ ထပ်ကူး နိုင်ပါသေးတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ရေမျက်နီကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအထိုင်ချထားသည့် ရေမျက်နီရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် ကတည်းက ရေမျက်နီဒေသခံ များသည် ထွက်ပြေးတိမ်းရှောင်နေကြပြီး လက်ရှိအချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးဘူးဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်ထိလည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ရေမျက်နီကျေးရွာ၌ရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များ နှင့် အနီးပတ်ဝန်းကျင်ကို ပစ်ခတ်နေသည်ဟု ထီးလင်းဒေသခံများက ပြောဆိုသည်။

လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ISP – Myanmar ၏ မှတ်တမ်းအရ အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၁၀၆ မြို့ရှိ နေအိမ်နှင့်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here