ထီးလင်းကို စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ပြည်သူ ၂ ဦး သတ်ဖြတ်ခံထားရ

0
405
photo - CJ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် စစ်ကောင်စီက အင်အား ၁၅၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူများကို ဖမ်းဆီးခဲ့ရာက၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၅ ရက် မနက်ပိုင်းက အုန်းထွဲရွာမှ ကွမ်းစဲရွာသို့ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် လက်ပန်ရွာနှင့် တိရွာကြားကို ရောက်ရှိပြီး အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများက ဆိုသည်။

“သူတို့က အင်အား တစ်ရာကျော်နဲ့ တက်လာတာ။ ပြည်သူတွေနဲ့ စစ်ရှောင်တွေကို ဖမ်းထားတာ ရှိတယ်။ လောလောဆယ် နှစ်ဦးသတ်ဖြတ်ခံရတာလည်း ရှိတယ်။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ကယ်ထုတ်နေတုန်းပဲ” လို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ထီးလင်းမြို့နယ် ရွှေထီးခန်းမကနေထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ ကျော် ပါဝင်တယ်လို့ ဒေသခံများက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းထက်မနည်း ဖြန့်ထိုးနေတာဖြစ်ပြီး လက်ပန်ရွာ၊ လုံးပေါင်ရွာနှင့် အုန်းထွဲရွာတို့တွင် တပြိုင်နက်တည်း လှုပ်ရှားနေတာ ဖြစ်တယ်လို့ ၎င်းတို့က ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ကျေးရွာများတွင် ဒေသခံတချို့ ပိတ်မိနေပြီး ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်များလည်း ရှိနေပြီး အုန်းထွဲရွာကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားသည့် ပြည်သူတချို့လည်း ပစ်ခတ်သတ်ဖြတ်ခံရလို့ ဒဏ်ရာရရှိသူလည်း ရှိနေတယ်လို့ ဒေသခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here