ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

0
362
ပုံစာ- ထီးချိုင့်မှာတိုက်ပွဲပြင်းထန်နေ။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား နိုဝင်ဘာ ၉ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့ကတည်းက ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကာကွယ်ရေးတပ်ဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာမှ နိုဝင်ဘာ ၉ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်နေတဲ့ မြို့ပေါ်နေရာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်တဲ့ မင်းဝံတောင်ခြေက တောမရွာကို ဂျက်ဖိုက်တာနဲ့တစ်ကြိမ် တိုက်ပွဲဖြစ်နေတဲ့ ထီးချိုင့်မြို့ထဲကိုတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောသည်။

“မနေ့ကစပြီး မြို့ထဲမှာပစ်နေကြတာ အခုထိလည်းပစ်ခတ် တိုက်ပွဲတွေဖြစ်နေတုန်း၊ ဒီနေ့လေကြောင်း ပစ်ခတ်တာက ဘာမှမဆိုင်ဘူး မင်းဝံတောင်ခြေဘက်ကရွာကိုပစ်တာ လောလောဆယ်တော့ တောမရွာက အမျိုးသမီးတစ်ယောက် ဆုံးသွားတယ်။ အိမ်တွေလည်း ပျက်ဆီးသွားတယ်လို့ကြားတယ် ပြီးတော့ ၁၁ နာရီခွဲလောက်မှာလည်း မြို့ထဲကို ရဟတ်ယာဥ်နဲ့ လာပစ်သွားတယ်” လို့ ၎င်းက ပြောသည်။

လက်ရှိ ထီးချိုင့်မြို့ပေါ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေနေကိုတော့ ကာကွယ် ရေးတပ်ဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးသလို လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ တောမကျေးရွာက အမျိုးသမီးရဲ့နာမည်နဲ့ အခြေနေအသေးစိတ်ကိုလည်း မသိရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ဧရာဝတီမြစ်ကမ်းနဘေးမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်နေပြီး မြို့ပေါ်ကနေလည်း လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ နောက်ထပ်ဒေသခံတစ်ယောက်က ပြောဆိုသည်။

“ဒီဧရာဝတီမြစ်ကမ်းဘေးက ရွာတွေဘက်မှာလည်း မြတောင်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ကြားနေရတယ်။ ပြီးရင် အခုချိန်ထိ မြို့ထဲကနေ လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ကြားနေရတယ် မနက်ထဲကကို ကြားနေရတာ” လို့ အဆိုပါဒေသခံက ပြောသည်။

ထီးချိုင့်မြို့ပေါ်၌ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထွေအုပ်ရုံး၊ မြို့မရဲစခန်း၊ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားပြီး အထိုင်စစ်တပ်တော့ မရှိဘူးလို့ ဒေသခံတွေက ပြောသည်။

ဒါ့အပြင် တဖက်မှာလည်း တကောင်း–ထီးချိုင့်–အင်းတော် လမ်းပိုင်းကို စစ်ရေးအခြေနေအရ ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း NUG အစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အင်းတော်မြို့နယ်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က မင်းဝံတောင်ရိုးအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here