ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၉ ဦး သေဆုံး

0
118

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မောင်းကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သား ၉ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

မိတ္ထီလာမြို့လေတပ်စခန်းက တက်လာသော ဂျက်ဖိုက်တာတစ်စီးသည် စက်တင်ဘာ ၁ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်တွင် မောင်းကုန်းကျေးရွာ ဈေးအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက “မောင်းကုန်းရွာဈေးအနီး ပိပိရိရိစားသောက်ဆိုင်ရှေ့နဲ့ ဂရိတ်ဝေါဝေမာသကြားစက် ဂိတ်ပေါက်ရှေ့နား ၂ နေရာကို ဗုံးသီးကျရောက် ပေါက်ကွဲခဲ့တာပါ။ ပိပိရိရိ ဆိုင်ရှေ့ကျတဲ့ ဗုံးသီးက ဆီပေပါတင်ထားတဲ့ကားပေါ် ပေါက်ကွဲလို့ အဲ့နားက အရပ်သား ၉ ယောက် သေဆုံးခဲ့ရတာ” ဟု ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုထဲ နေအိမ်များနှင့် အဆောက်အအုံတချို့လည်း ထိမှန်ပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သား ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

လေကြောင်း တိုက်ခိုက်ခံခဲ့ရသည့် နေရာသည် ဒေသခံအရပ်သားများ ဈေးရောင်းချသောနေရာဖြစ်ပြီး တိုက်ပွဲ တစုံတရာဖြစ်ပွားခြင်းမရှိသည့် နေရာလည်းဖြစ်သည်။

စစ်ကောင်စီတပ်က အရပ်သားများနေထိုင်သည့်နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဥ်ကြောင့် လက်ရှိတွင် ဒေသခံများ ဘေးလွှတ်နိုင်မည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သတိပြုနေထိုင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

Tigyaing Revolution TR အဖွဲ့တာဝန်ရှိသူက “လေကြောင်းအန္တရာယ်ဟာ ဒီကာလမှာ အထူးသတိပြုဖို့ မောင်းကုန်းဖြစ်ရပ်က ခေါင်းလောင်းထိုးလာပါပြီ။ ပြည်သူတွေဟာ ပေါ့ပေါ့ဆဆ နေမိနေကြပြီး လေယာဥ်ကို မော့ကြည့်မိနေကြဆဲပါ။ ဒါ့ကြောင့် လေယာဥ်လာရင် အတတ်နိုင်ဆုံး ဂရုပြုနေထိုင်ကြဖို့နဲ့ တိမ်းရှောင်ဖို့ မမေ့ကြဖို့ သတိပေးချင်ပါတယ်။ လက်တလော ဒေသခံတွေကတော့ ရှောင်နေတာမျိုးတွေရှိပါတယ်” ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး မန္တလေးတိုင်း၊ ဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတချို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

အလားတူ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော မောင်းကုန်းကျေးရွာတွင်ရှိသည့် တရုတ်ပိုင် နီကယ်စက်ရုံကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်တွင် သိမ်းပိုက်ခဲ့ပြီး မောင်းကုန်းကျေးရွာ ကိုလည်း ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှ စတင်ကာ စစ်ကိုင်းနှင့် ကချင်အစပ်က နေရာများဖြစ်သည့် ထီးချိုင့်၊ အင်းတော်နှင့် ပင်လည်ဘူး ဒေသတို့ကို သိမ်းပိုက်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် NUG လက်အောက်ခံ ကာကွယ်ရေးတပ် PDF များက စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here