ထိုင်းနှင့် မြန်မာနိုင်ငံနယ်စပ်တွင် လူသားချင်းစာနာမှု လုံခြုံရေးဇုန် တည်ဆောက်၍ လူထုအကူအညီပေးရေး ကိစ္စများဆောင်ရွက်ရာ၌ ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုစေလိုကြောင်း ကရင်အမျိုးသမီးစည်းရုံး-KWOနှင့် ကရင်အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များက ပြောဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် လူထုသို့ အကူအညီများပေးရာတွင် စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်ခြင်းက ၎င်းတို့အား အသိအမှတ်ပြုရာရောက်ပြီး ပြည်သူလူထုကိုပစ်မှတ်ထား တိုက်ခိုက်နေသော စစ်ကောင်စီနှင့် လူထုအကူအညီပေး ရေး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း မပြုစေလိုကြောင်း KWO မှ ဆရာမနော်အက်တမွီဖောက ယခုလို ပြောသည်။
“စစ်တပ်က လူထုကိုလေယာဥ်နဲ့ ဗုံးလာကြဲတယ်။ သေနတ်ကြီးနဲ့ လာပစ်တယ်။ နေ့တိုင်းပဲ မြင်နေရတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ လူထုကိုကူညီဖို့ စစ်တပ်နဲ့ မပူးပေါင်းစေချင်ဘူး။ ဇုန်လုပ်မယ့်နေရာမှာ စစ်ဘေးရှောင်တွေ ရှိလာရင် ကျမတို့ KWO ရော KPSN တို့ရောက အခုထက်ထိ သွားကူတာရှိတယ်။ Funding မလုံလောက်လို့သာ ကရင်စစ်ရှောင် ၇ သိန်းကျော်လုံးကို မကူညီနိုင်တာ။ သူတို့သာ ကူညီစေချင်တယ်ဆိုရင် ကျမတို့တွေကို ပိုပြီးတော့လာကူညီစေချင်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့အနီး လူသားချင်းစာနာမှု လုံခြုံရေးဇုန်ကို ယခုဖေဖော်ဝါရီလကုန်ပိုင်းတွင် တည်ဆောက်သွားရန်၊ ထိုင်းနှင့် မြန်မာကြက်ခြေနီအဖွဲ့များမှ တဆင့် စစ်ဘေးရှောင်များကို အကူအညီပေးရန် ပြောကြားချက်ကို ဖေဖော်ဝါရီ ၆ ရက်နေ့က နိုင်ငံခြား သတင်းဌာန VNA နှင့် The Diplomat တို့က ဖော်ပြထားသည်နှင့် ပတ်သက်၍ ကရင်အဖွဲ့အစည်းများဘက်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ်တွင် ကရင်ပြည်သူလူထုအပါအဝင် ကရင်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းအသံထွက် တောင်းဆိုကြရန် လိုအပ်ကြောင်းလည်း KWO က ထောက်ပြထားသည်။
လူသားချင်းစာနာမှုလုံခြုံရေးဇုန်မှ အကူအညီပေးရေးအနေဖြင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သောင်းကျော်အား စားနပ်ရိက္ခာနှင့် ကျန်းမာရေး အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ထိုကိစ္စများအတွက် တရုတ်၊ အိန္ဒိယနိုင်ငံအပြင် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့များနှင့်ပါ ဆွေးနွေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ထိုသတင်းဌာနများက ရေးသားဖော်ပြခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲမည်ဟူသည့် ထိုင်းနိုင်ငံ၏ဆုံးဖြတ်ချက်က မှားယွင်းနေပြီး နိုင်ငံရေးအရ နာမည်ရလိုရုံသပ်သပ်ဖြင့် သေချာလေ့လာသုံးသပ်ခြင်းမရှိဘဲ လုပ်ဆောင်ခြင်း မပြုစေလိုကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP မှ ဒု-တာဝန်ခံ စောခဲလေက ပြောသည်။
“နယ်စပ် တကယ့်တိုက်ပွဲတွေ ပြင်းထန်တဲ့နေရာမှာ သူတို့က စစ်ကောင်စီနဲ့ အလုပ်လုပ်မယ်ဆိုတာ ဘယ်လိုပုံစံနဲ့ လုပ်မလဲ ကျနော်တို့ နားမလည်နိုင်ဘူး။ စစ်ကောင်စီကြောင့် ဖြစ်တဲ့ကိစ္စတွေကို သူတို့ကပဲပြန်ပြီးတော့ ဒီလိုပုံစံမျိုးနဲ့ ဖြေရှင်းမယ်ဆိုတာကတော့ စဥ်းစားရ အရမ်းခက်တယ်။ ပြီးတော့ ဟိုးအရင် လေးကေ့ကော်ကနေ စစ်ရှောင်လာတဲ့လူဦးရေနဲ့ ဒီသံလွင်မြစ်ကမ်းနဖူးမှာနေတဲ့ လူတွေလောက်ပဲ သူတို့ Access လုပ်နိုင်မယ်။ အဲ့ဒါတွေ က စစ်ရှောင်တွေအားလုံးရဲ့ ၇ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ အဲ့ဒါကိုတောင်မှ သူတို့ကောင်းကောင်းမွန်မွန် လုပ်နိုင်ရဲ့လားပေါ့” ဟု စောခဲလေက ဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ထိုသို့ပြောဆိုလုပ်ဆောင်ချက်သည် စစ်ကောင်စီနှင့် အတိုက်အခံအဖွဲ့အစည်းများ ဖြစ်သော အမျိုးသားညီညွှတ်ရေးအစိုးရ-NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံ စကားပြောမှုသို့ ရည်ရွယ်ခြင်းဖြစ်သလို အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို ဖြည့်စွက်ရန်လည်း ဖြစ်ကြောင်း ထိုနိုင်ငံတကာသတင်းများတွင် သုံးသပ်ဖော်ပြထားသည်။
အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း ကရင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် စုစုပေါင်း ၇၅၂,၀၀၀ ကျော် ရှိရာတွင် အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များအနေဖြင့် စစ်ရှောင်သူလူဦးရေ ထက်ဝက်ခန့်ကိုပင် လိုအပ်သည့် အကူအညီများ မပေးနိုင်သေးသလို ပြည်သူလူထုကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ တိုက်ခိုက် နေသော စစ်ကောင်စီကြောင့် တနေ့တခြား စစ်ဘေးရှောင်ဦးရေ တိုးလာနေသည်ဟုလည်း KNU က ထုတ်ပြန် ပြောဆိုထားသည်။
KIC ပေးပို့သည်။