တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
မေ ၂၉ ရက်နေ့ မနက်ပိုင်းကစ၍ ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဧကနိကျေးရွာအနောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် မေ ၂၉ ရက်နေ့ တစ်ရက်တည်းတွင် နှစ်ဖက်တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။
နှစ်ဖက်တပ်ကြားတိုက်ပွဲကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ဝဇွမ်းတော့ စသည့် ကျေးရွာများက ဒေသခံ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာကျေးရွာများနှင့် တောတောင်ဥယျာဉ်ခြံများထဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှုရပြီးနောက် စစ်ကောင်စီတပ်သည် ယင်းဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အင်အားသုံးပြီး ထိုးစစ်ဆင်ရန်ကြိုးစားလာခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာခြင်းက ထားဝယ်အထူးစီးပွားရေးဇုန် အနီးပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းလုပ်ဆောင်ရန် ဖြစ်နိုင်သည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးသပ်ပြောဆိုကြသည်။
သံလွင်တိုင်းမ် ပေးပို့သည်။