ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ပြန်လွတ်လာ

0
196
ပုံစာ - ထားဝယ်မှ နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ချုပ်ရက်စေ့ပြီးပြန်လွတ်လာ။ (Photo-CJ)

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာကြောင်း ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။

ပြန်လွတ်လာသူများထဲတွင် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော် အပြင် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုသုတတင်စိုး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး လွတ်မြောက်လာခဲ့သည်။

၎င်းတို့ ၁၄ ဦး သည် ပြီးခဲ့သည့်၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်တွင် ဖမ်းဆီးခံ လိုက်ရသူများဖြစ်ပြီး အများစုမှာ ချုပ်ရက်စေ့ခြင်းကြောင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ထံမှ သိရသည်။

လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အပြင် လက်နက်ပုဒ်မ ၁၉ (စ)တို့ နှင့် ထောင်ဒဏ် ၄ နှစ်စီ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြသည်။

ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော် အတွင်း ထားဝယ်အကျဉ်းထောင်ထဲတွင် နိုင်ငံရေးအကျဉ်သား၊အကျဉ်းသူ ၄၀၀ ကျော် ဖမ်းဆီးအကျဉ်းချခံထားရကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အများစုမှာ ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ခံထား ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here