တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဥယျာဉ်ကြီးကျေးရွာနှင့် အညာဖျားကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်အရှေ့တော ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။
တပ်အင်အား ၈၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းဟာ မေ၉ ရက်နေ့ နံနက် ၈ နာရီလောက်မှာ ထီးခီးနယ်စပ်ဘက်ကနေ ထားဝယ်ဘက်ကို ခြေလျင်ဖြင့် တပ်ချိန်းလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသော တိုက်မိုင်းထိခဲ့ခြင်း ဖြစ်ပါသည်။
တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့သလို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံတစ်ဦးမှာလည်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
တိုက်မိုင်းထိသွားသော စစ်ကောက်စီတပ်ဟာ ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ဆောင်သွားပြီး ၈ မိုင်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသေနေရာကို ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါသည်။
သို့သော်လည်း စစ်ကောင်စီတပ်ဟာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ဒေသခံ ၅ ဦးကိုတော့ ယင်းနေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါသည်။
မေ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ သရက်ချောင်းမြို့နယ် အခြေစိုက် စစ်ကောင်စီစခန်းဘက်ကို ထွက်ခွာသွားကြောင်း သိရသည်။
ထားဝယ်အရှေ့တောဒေသမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။