27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းထားဝယ်မြို့ MSF ဆေးခန်းမှ တာဝန်ခံဆရာဝန်များကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေ

ထားဝယ်မြို့ MSF ဆေးခန်းမှ တာဝန်ခံဆရာဝန်များကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ MSF (နယ်စည်းမထား ဆရာဝန်များအဖွဲ့) က ဖွင့်လှစ်ထားသည့် မေတ္တာရိပ် ဆေးခန်းမှ တာဝန်ခံဆရာဝန်များ ဖမ်းဆီးခံထားရတာကြောင့် ဆေးခန်းဆက်ဖွင့်လှစ်ရန် အခက်အခဲတွေ့နေရ သည်ဟု ဒေသခံများထံမှ သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အုန်းတောလမ်းဆုံအနီးရှိ Medecins Sans Frontieres (MSF) နယ်စည်းမထား ဆရာဝန်များရုံး (ထားဝယ်) မှ စတိုခန်းတာဝန်ရှိသူကို ပြီးခဲ့သည့် မေလကုန်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လဆန်းပိုင်းတွင် တာဝန်ခံဆရာဝန်နှင့် ဒု-တာဝန်ခံတို့ကို ထပ်မံ၍ဖမ်းဆီးသွားခြင်းဖြစ်သည်။

MSF ရုံးအဖွဲ့သားတစ်ဦးက “ရုံးပိုင်းမှာ တာဝန်ရှိတဲ့သူတွေ အကုန်လုံးက အဖမ်းခံနေရတယ်။ တချို့က ကြောက်လန့်ပြီး တိမ်းရှောင်နေကြရတာကြောင့် ရုံးအလုပ်တွေနဲ့ ဆေးဝါး ဖြန့်ဖြူးပေးတာတွေ ရပ်ထားရတယ်။ လက်ရှိ ရုံးမှာကျန်နေတဲ့ဆေးတွေကုန်ရင်တော့ မေတ္တာရိပ် ဆေးခန်းကို ပိတ်ရမယ့်ပုံစံ ဖြစ်နေတာပေါ့” ဟု ပြောသည်။

နယ်စည်းမထားဆရာဝန်များရုံး (MSF) မှ တာဝန်ခံဆရာဝန်၊ ဒု-တာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (စတိုတာဝန်ခံ) တို့ ၃ ဦးကို ဖမ်းဆီးခံထားရသည့်အတွက် မေတ္တာရိပ်ဆေးခန်းကို ရပ်နားရန်ရှိနေသည်ဟု နီးစပ်သူများက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ကရရှိသည့် သတင်းအချက်အလက်ရ လက်ရှိတွင် ဒု-တာဝန်ခံကို ပြန်လွှတ်ပေးထားသော်လည်း စရဖရုံးသို့ နေ့စဥ်လိုလို ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု MSF ရုံးအဖွဲ့သားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက အဆိုပါဆေးခန်းတွင် CDM ဆရာဝန်နှစ်ဦးကို အလုပ်ခန့်ထားသည်ဟုဆိုပြီး ဖမ်းဆီးရန်လှုံ့ဆော်ခဲ့ရာတွင် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

MSF က ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်းတွင် အထွေထွေလူနာတစ်ရာကျော်ကို နေ့စဉ်ဆေးကုသပေးနေသည့်အပြင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို စသည့် နာတာရှည်လူနာများကိုလည်း ပုံမှန် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

မေတ္တာရိပ်ဆေးခန်းကို ရပ်နားလိုက်ရပါက အထွေထွေရောဂါလာပြသည့် လူနာများနှင့် နာတာရှည်လူနာများအတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု လာရောက်ကုသနေသူ လူနာတစ်ဦးက ပြောဆိုသည်။

မေတ္တာရိပ်ဆေးခန်းတွင် HIV ပိုး ပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေးများကို ယခင်က ထောက်ပံ့ပေးနေရာမှ လက်ရှိတွင် အထွေထွေရောဂါများကိုလည်း ကုသပေးနေကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

NMG ပေးပို့သည်။