ထားဝယ်ထောင်တွင် နိုင်ကျဉ်းတစ်ဦးအမောဖောက်သေဆုံး

0
257

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး အမောဖောက်ပြီး သေဆုံးသွားသည်ဟု အကျဥ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

သေဆုံးသွားသူမှာ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောရွာသား အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းဆိုသူဖြစ်ပြီး နိုင်ငံရေးပုဒ်မများဖြင့် အမိန့်ချမှတ် ခံထားရသူတစ်ဦး ဖြစ်သည်။

ယခုသေဆုံးမှုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အကျဥ်းထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပထမဆုံးအကြိမ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က နိုင်ငံရေးအကျဥ်းသားဦးကျော်သိန်း အမောဖောက်လာရာ ထောင်တွင်းဆေး ခန်း၌ ကုသနေရာမှ သက်သာမှုမရှိသဖြင့် ပြင်ပဆေးရုံသို့ ပို့ဆောင်နေချိန် လမ်းတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးကျော်သိန်းကို ယခု ၂၀၂၃ ခုနှစ် မတ်လ တတိယပတ်က ဟင်းချိုတောကျေးရွာထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁၊ ၅၂၊ ၅၀-ည တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းနှင့်ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက “သူ့မှာ အဖမ်းမခံရခင်တုန်းက တခြား ဘာရောဂါမှ မရှိခဲ့ဘူးပါဘူး ကျန်းကျန်းမာမာပါ။ ဖမ်းဆီးခံရချိန်မှာ ရရှိတဲ့ဒဏ်ရာတွေကြောင့် ကျန်းမာရေးမကောင်း ဖြစ်သွားတာပါ။ မဆုံးခင် ရှေ့တစ်ရက် ထောင်ဝင်စာတွေ့ရချိန်မှာ ရယ်ရယ်မောမောပါပဲ။ အတွင်းဒဏ်ရာတွေကြောင့် ရုတ်တရက် ထဖေါက်တာဖြစ်မယ်” ဟု ပြောသည်။

ထားဝယ်အကျဥ်းထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း ၁၀၀၀ ခန့်ရှိပြီး နိုင်ငံရေးအကျဥ်းသား ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ထားဝယ်အကျဥ်း​ထောင် ဆေးခန်းတွင် ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံလောက်သည့် ဆေးဝါးနှင့် ဆေးကုသမှုများ မပေးနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here