စစ်ကောင်စီ၏ မောရဝတီ ရေတပ်ဌာနချုပ်မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၂၇ ဦးတို့ ကင်းလှည့်ရာမှ လက်နက်များနှင့်အတူ ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာရှိ မောရဝတီ ရေတပ်ဌာနချုပ်မှ အရာရှိ၊ တပ်ကြပ်၊ ဒု-တပ်ကြပ် အပါအဝင် တပ်ဖွဲ့ဝင် ၂၇ ဦးတို့ စစ်ကားသုံးစီးဖြင့် ညကင်း လှည့်ပတ်နေရာမှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု တပ်တွင်းသတင်းအရင်းအမြစ်က ပြောသည်။
“ညက ထွက်ပြေးသွားတာက အားလုံး ၂၇ ယောက်ပါ၊ ကံပေါက်ဘက် ကားသုံးစီးနဲ့ ညကင်းပတ်ရင်း ထွက်ပြေး သွားကြတာ၊ မနက်အထိ တပ်ထဲကို ကားသုံးစီးစလုံး ပြန်မရောက်လာတော့မှ ထွက်ပြေးသွားကြမှန်း သိရတယ်။ ကားတွေကိုတော့ ကလိန်အောင် – ကံပေါက်လမ်းပိုင်းမှာ ပစ်ထားခဲ့တယ်” ဟု ရေတပ်အတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
အဆိုပါ မောရဝတီရေတပ်မှ ထွက်ပြေးသွားသည့် အဖွဲ့သည် ဇူလိုင်လ ၃ ရက်နေ့က စပြီး စခန်းထဲကို ပြန်မလာတော့ကြောင်း တပ်တွင်း သတင်းအရင်းအမြစ်များက ပြောသည်။
အလားတူ ဇွန်လ ၂၇ ရက်နေ့ ကလည်း ရေတပ် အရာရှိ အပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦး လက်နက်များနှင့်အတူ ကင်းလှည့်ရာမှ ထွက်ပြေးသွားခဲ့ခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ အရာရှိများ စစ်ဆေးခံနေရဆဲ ဖြစ်ကြောင်းနှင့် ယခုထွက်ပြေးသူ ၂၇ ဦး နှင့် ဆိုပါက တစ်ပတ်အတွင်း ထွက်ပြေးသူ ၃၉ ဦး အထိ ရှိလာပြီ ဖြစ်သည်ဟု ရေတပ်နှင့် နီးစပ်သူများက ပြောသည်။
ထွက်ပြေးသွားသည့် စစ်ကောင်စီ ရေတပ်သားများ ပြန်လည် ဖမ်းဆီးရမိရေးအတွက် မောရဝတီရေတပ်မှ ကား ၆ စီးဖြင့် ရောက်ရှိလာပြီးနောက် ကံပေါက် – ကလိန်အောင်လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားခဲ့ပြီး ရှာဖွေမှုများ လုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်မတွေ့သေးကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ကံပေါက်လမ်းဆုံ၊ ဂန့်ဂေါ်တောင်ရွာအဝင်၊ ဂန့်ဂေါ်တောင် ဘုန်းကြီးကျောင်းအနီးနှင့် သစ်တောရုံးလမ်းဆုံ စသည့် နေရာ လေးခုတို့တွင်လည်း ပိတ်ဆို့ စစ်ဆေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်မှ ကလိန်အောင်လမ်းပိုင်းရှိ သဲအေးတောင်ကြောများ တလျောက်သို့ စစ်ကြောင်းထိုး တောနင်း၍ အပူတပြင်း လိုက်လံရှာဖွေနေကြသော်လည်း ပြန်လည်ဖမ်းဆီးရမိသူ မရှိသေးကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။
ထိုရက်ပိုင်းအတွင်း ကံပေါက် – ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် သုံးဘီးဆိုင်ကယ် စျေးသည် များထဲတွင် ကံပေါက်မှ ကားများကိုသာ အဝင် လက်ခံပေးခဲ့ပြီး ကျန်ထားဝယ်ဘက်မှ ကားများမှာ လှည့်ပြန်လာခဲ့ ကြရသည်ဟု လမ်းပိတ်ဆို့မှု ကြုံခဲ့ရသည့် ထားဝယ်မြို့ခံ ကားသမားတစ်ဦးက ပြောသည်။
ကလိန်အောင် – ကံပေါက်လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသော်လည်း ရေး – ထားဝယ် သွား ပြည်ထောင်စုလမ်းမကြီး အပိုင်းကို သွားခွင့်ပြုထားသည်ဟု မြို့ခံခရီးသွားများက ပြောဆိုသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း မောရဝတီရေတပ်မှ ဆေးမှူးဗိုလ်ကြီး အပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦး ထွက်ပြေး သွားခဲ့ကြပြီးနောက်ပိုင်း အောက်တိုဘာ လကုန်ပိုင်းတွင်လည်း ရေတပ်တပ်ဖွဲ့ဝင် ၅ ဦး လက်နက်များဖြင့် ထွက် ပြေးသွားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ မောရဝတီ ရေတပ်ဌာနချုပ် တပ်စခန်းမှ မကြာခဏဆိုသလို လက်နက်များဖြင့် ထွက်ပြေးသူ စစ်သား ၆၀ ဦး ခန့် ရှိနေပြီဖြစ်ကြောင်း နှင့် အခွင့်မသာသေးသည်များကြောင့် အချိန်အခါ စောင့်နေကြရသူများလည်း ရှိနေသေးကြောင်း တပ်တွင်း သတင်းအရင်းအမြစ်များထံက သိရသည်။
NMG ပေးပို့သည်။