တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ အနီးတွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက် ခံရပြီးနောက် နည်းပညာတက္ကသိုလ်ကျောင်းသားများ အပါအဝင် ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
သြဂုတ် ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့နယ်မှ ထားဝယ်ဘက်သို့ မြေတင်ကားဖြင့် ဆင်းလာသော တပ်အင်အား ၂၀ နီးပါး လိုက်ပါသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
ထိုသို့တိုက်ခိုက်ခံခဲ့ရပြီးနောက် အထိနာခဲ့သည့် စစ်ကောင်စီတပ်က စစ်ကူလာသော တပ်အင်အား ၄၀ ကျော်နှင့် မောင်မယ်ရှောင် ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ ဒေသခံ ၃၀ နီးပါးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
ယင်းနောက် စစ်ကောင်တပ်က ဒေသခံများကို လဟာတပ်တွင်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယင်းနေ့ညနေပိုင်းမှာပဲ ဖမ်းဆီးထားသည့် ဒေသခံအများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ထားဝယ်နည်းပညာ တက္ကသိုလ် ကျောင်းသား ၄ ဦးကို ဆက်လက်ဖမ်းဆီးထားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ၏ ပြောဆိုမှုအရ သိရသည်။
မောင်မယ်ရှောင်ကျေးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်ဝင်ရောက်လာခဲ့တာကြောင့် ဒေသခံနေအိမ် ၁၀ လုံး နီးပါး ကျည်ဆံထိမှန် ပျက်စီးမှု ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ထားဝယ်နည်းပညာတက္ကသိုလ်နှင့် နီးကပ်သည့် မောင်မယ်ရှောင်ကျေးရွာ ပတ်ဝန်းကျင်တွင် မကြာခဏ တိုက်ခိုက်ခံနေရသည့်အတွက် စစ်ကောင်စီတပ်မှ ဒေသခံများကို အမြဲလိုလို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးမှုများ ရှိနေပါသည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီတိုင်းထဲတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံရပြီးနောက် အများစုကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဖွင့် အရေးယူထားကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။