ထားဝယ်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံး

0
112
Photo - PDF (ပုံဟောင်းဖြစ်သည်)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုနှင့် စစ်ကူလာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့ထံက သိရသည်။

ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၆ နာရီခန့်က ထားဝယ်မြို့၊ စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ်၊ ဟာလီကွေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ၃ နာရီ ကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ထားဝယ်မြို့ကနေ ကား ၄ စီးနှင့် ချက်ချင်း စစ်ကူပို့ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

ထိုစစ်ကူထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဇဟာကျေးရွာကြားတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တာဝန်ခံက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းနှစ်ခုနှင့် စစ်ကူစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် ကားမျာရပ်တန့်သွားခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ကို တွေ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အတိအကျ သိရှိနိုင်ရန်ကို ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရေဖြူ – ထားဝယ်လမ်းပိုင်းကို ပိတ်ချလိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်နိုင်သည့်လမ်းကြောင်းတို့ကို လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ဘက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို မကြာမီထုတ်ပြန်ပေးမည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာအပြင်ဘက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် စနိုက်ပါနှင့် ပစ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here