ထားဝယ်တွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသော အရပ်သားတစ်ဦး ရုပ်အလောင်းပြန်တွေ့၊ နှစ်ဦးပျောက်ဆုံးနေ

0
277
ပုံစာ - မောင်မယ်ရှောင်ကျေးရွာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံအမျိုးသား ၃ ဦးအနက် တစ်ဦး၏ရုပ်အလောင်း ပြန်တွေ့ထားသော်လည်း ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က မောင်မယ်ရှောင်ရွာအနီး၌ ထားဝယ်အကျဉ်းထောင် ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံများဖြစ်သည့် ကိုသားဂန်း၊ ကိုမျိုးဆွေနှင့် အသက် ၁၄ နှစ်အရွယ် မောင်အပုကျူတို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်၊

ကိုသားဂန်း၏ရုပ်အလောင်းကို အောက်တိုဘာ ၉ ရက်နေ့က ထားဝယ်မြစ်တွင်း ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး မိသားစုဘက်ကလည်း ကိုသားဂန်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

သို့သော် စစ်ကောင်စီတပ်က ၎င်းနှင့်အတူ ဖမ်းဆီးခေါ်သွားသည့် ကိုမျိုးဆွေနှင့် အသက် ၁၄ နှစ်အရွယ် မောင်အပုကျူတို့မှာ အောက်တိုဘာ ၁၁ ရက်နေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် မြစ်ဆိပ်တွင် သွေးကွက်တွေအပြင် ဖမ်ဆီးစဉ် တုပ်နှောင်သွားသော ကြိုးခွေတို့ကိုပါ တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

တနင်္သာရီတိုင်းထဲတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အရပ်သား ၂၉ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

သံလွင်တိုင်မ်း ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here