ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တောတွင်းတစ်နေရာတွင် တော်လှန်ရေးရဲဘော်များ စိတ်ပိုင်းဆိုင်ရာဖျော်ဖြေမှုအတွက် ရည်ရွယ်ပြီး တော်လှန်ရေးအင်အားစု ရဲဘော်များက တော်လှန်ရေး အနုပညာပြပွဲ ပြုလုပ်ခဲ့ကြသည်။
ပြပွဲတွင် Post Modernism Extreme Art မှ ရဲဘော် ၃ ဦး၏ သီးသန့်လက်ရာများ ပြသခဲ့ပြီး ပန်းချီ၊ ကဗျာ၊ တော်လှန်ကဗျာ၊ အရာဝတ္ထုများနှင့် 3D ပန်းချီ – Installation Art များ ပါဝင်ခဲ့သည်ဟု သိရသည်။
ပွဲစီစဉ်သူတစ်ဦးက “အဓိကတော့ ရဲဘော်တွေ ပင်ပန်းတယ်ပေါ့နော်။ ပင်ပန်းတဲ့ အခါကျတော့ သူတို့ရဲ့စိတ်တွေ Relax (စိတ်ပြေလျော့) ဖြစ်အောင်ပေါ့နော်။ ရဲဘော်တွေရဲ့ စိတ်ထဲမှာလည်း ဒီလိုအနုပညာလေးတွေ ခံစားလို့ ရအောင်ပေါ့နော်။ ဒီမှာက ပွဲဘာညာလည်း မရှိဘူးလေနော်။ တချို့တွေဆိုရင်လည်း ပန်းချီဆွဲတာ တော်တဲ့ လူတွေ ပါတယ်။ ကဗျာရွတ်တာ တော်တဲ့လူတွေလည်း ပါတယ်။ ဆိုတော့ ဒီလိုမျိုးလေးတွေ လုပ်ရင် သူတို့ စိတ် တွေလည်း Relax ဖြစ်တယ်ပေါ့။ ပြီးတော့ ဒီလိုမျိုးလေးတွေ လုပ်လို့ရတယ်ဆိုတာလည်း သူတို့သိအောင်လို့ပေါ့။ ရောင်းဖို့တွေ ဘာညာတွေကတော့ နောက်ပိုင်းမှ အခြေအနေအရပေါ့နော်” ဟု ပြောသည်။
အဆိုပါပြပွဲကို ခေတ်ရေစီးကြောင်း တော်လှန်ရေးလှုပ်ရှားမှု အနုပညာရှင် (Post Modernism Extreme Art) ရဲဘော် ၃ ဦးက ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။
ပြပွဲတွင်ပါဝင်သည့် Installation Art များမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်အပိုင်းအစများနှင့် လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများတို့ဖြင့် ဖန်တီးထားကြောင်း ပွဲစီစဉ်သူများက ပြောသည်။
“အခက်အခဲက ဘာရှိလဲဆိုတော့ မိုးရွာတဲ့အခါကျတော့ ပန်းချီတွေဘာတွေ မိုးစိုမှာစိုးလို့ အမိုးအကာ အုပ်ရတာတွေ ရှိတယ်ပေါ့နော်။ မိုးလေးနဲနဲ စဲတော့မှ ပြန်ဖွင့်ပေါ့နော်။ ဖွင့်ပြီးတော့မှ အနုပညာခံစားတဲ့ လူတွေ လာကြည့်ပေါ့နော်။ ကျန်တာတွေကတော့ တော်တွင်း အခက်အခဲပေါ့နော်။ အခက်အခဲ သီးသန့်ရယ်လို့တော့ မရှိဘူး။ တောထဲမှာဆိုတော့ မြို့ပေါ်လို အရမ်းတော့ အဆင်ပြေမနေဘူးပေါ့နော်။ အဆင်ပြေအောင် ဖန်တီးပြီး လုပ်လိုက်တာပေါ့” ဟု ပွဲစီစဉ်သူတစ်ဦးက ဆက်ပြောသည်။
ပြပွဲလုံခြုံရေးအတွက် အရပ်သားများနှင့် စစ်ဘေးရှောင်များကို ဖိတ်ကြားခြင်းမရှိဘဲ မဟာမိတ်ရဲဘော် အယောက် ၁၀၀ ဝန်းကျင်ဖြင့်သာ ကျင်းပခဲ့ကြသည်ဟု ဆိုသည်။
ကရင်နီပြည်နယ်တွင် တော်လှန်ရေး အနုပညာပြပွဲ ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး အလျဉ်းသင့်သလို ထပ်မံကျင်းပသွားမည်ဟု Post Modernism Extreme Art မှ ရဲဘော်တစ်ဦးက ပြောသည်။
NMG – ပေးပို့သည်။