ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့က တော်လှန်ရေးလမ်းစဉ် တူညီသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
CDF – မတူပီ တပ်မဟာ (၁) ၏ ညီလာခံကို ဧပြီလ ၃ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးနောက် ချင်းပြည်နယ် အတွင်းရှိ တော်လှန်ရေး လမ်းစဉ်တူညီသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
CDF – မတူပီ ၊ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူက “မဟာမိတ်ရေးရာနဲ့ ပတ်သက်ပြီးတော့ အခုက တပ်ပေါင်းစုတွေ ရှိတယ်၊၊ ကျနော်တို့က တဖွဲ့ထဲလုပ်တာထက် တပ်ပေါင်းစုတွေနဲ့ ပြန်လည်ဆက်သွယ်ပြီး လုပ်ဆောင်ဖို့ ဖြစ်တယ်။ တပ်မဟာ ၁ က ချင်းလန်းကောင်စီ၊ မူဝါဒပိုင်းဆိုင်ရာနဲ့ လမ်းစဉ်နဲ့ မတူညီမှုတွေ ရှိတဲ့အတွက် ချင်းလဲန်းကောင်စီ ပြင်ပလမ်းကြောင်းနဲ့ သွားဖို့ရှိပါတယ်” ဟု ပြောသည်။
ထို့အပြင် မတူပီမြို့နယ်အတွင်းက လမ်းစဉ်တူညီသည့် အရပ်ဖက် တော်လှန်ရေးအင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မဟာ (၁) ထံမှ သိရသည်။
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်းကောင်စီ ပြင်ပလမ်းကြောင်းဖြင့် သွားချင်သည့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်မည့် အရပ်ဖက်တော်လှန်ရေးအင်အားစုများလည်း ရှိနေကြောင်း သိရသည်။
“အုပ်ချုပ်ရေးအပိုင်းမှာ ချင်းလဲန်းကောင်စီကို ဝင်သွားမယ့် အုပ်ချုပ်ရေးအဖွဲ့လည်း ရှိသလို လမ်းစဉ်တူညီတဲ့ ပူးပေါင်းချင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း ရှိတယ်။ သူတို့နဲ့ရပ်တည်ပြီးတော့ ပြည်သူ့တော်လှန်ရေးလမ်းစဉ်ပါ ပါဝင်တဲ့ ပညာရေး၊ CDM ဝန်ထမ်းအစုအဖွဲ့တွေက အစ ပူးပေါင်းသွားမယ်သဘောပါ” ဟု တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီ (CC)နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့၏ ချင်းတော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် CDF – မတူပီ တပ်ဖွဲ့သည် တပ်မဟာ (၂) ခု အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရသည်။
ဖေဖော်ဝါရီလ ၂၃ ရက် မှ ၂၅ ရက် အထိ မတူပီမြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၊ အရပ်ဖက် တော်လှန်ရေး အင်အားစုများ အပါအဝင် တပ်ရင်းအသီးသီးမှ တပ်မှူးများဖြင့် CDF – မတူပီ၏ တတိယအကြိမ်မြောက် ညီလာခံကို ကျင်းပပြီးနောက် တပ်မဟာ (၂) ခု အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
CDF – မတူပီ တပ်မဟာ (၁) တွင် တပ်ရင်း – ၁ နှင့် တပ်ရင်း – ၅ တို့ ပါ၀င်ပြီး တပ်မဟာ (၂) တွင် တပ်ရင်း – ၂၊ တပ်ရင်း – ၃၊ တပ်ရင်း – ၄ နှင့် အသစ် တပ်ရင်း – ၆ တို့ ပါဝင်ကာ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
CDF – မတူပီ ၊ တပ်မဟာ (၁) ညီလာခံတွင် တပ်မဟာမှူးများ ရွေးချယ်ခန့်အပ်တာဝန်ပေးခြင်း၊ ရှေ့ဆက် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း ဧပြီလ ၅ ရက်က တပ်မဟာ (၁) က ထုတ်ပြန်သည်။
လက်ရှိတွင် တပ်မဟာ (၁) လှုပ်ရှားနယ်မြေအတွင်းက ကျေးရွာများမှ ပြည်သူလူထုများဖြင့် တွေ့ဆုံ၍ တပ်ဖက်- အရပ်ဖက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေး ဆောင်ရွက်နေကြောင်း သိရသည်။
CRPH ၊ NUCC ၊ NUG နှင့် ပြည်တွင်းပြည်ပရှိ ချင်းတော်လှန်ရေးအင်အားစုများနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာသည်အထိ လက်တွဲဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
KMG ပေးပို့သည်။