တောင်ငူ၊ ကယားပြုံးချောင်းရွာရှိ နေအိမ် ၂၅ လုံးကို စစ်ကောင်စီမီးရှို့ဖျက်ဆီး… ဒေသခံများ တိမ်းရှောင်နေရ

0
345

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ ကယားပြုံးချောင်းရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရွာရှိနေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

တောင်ငူ-သံတောင်လမ်း (၅) မိုင်နှင့် (၇) မိုင်စခန်းရှိ စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းက နိုဝင်ဘာ ၁၂ ရက်နေ့က အဆိုပါကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်လာရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ရွာရှိဒေသခံများသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအား လက်ခံထားသည်ဟု စွပ်စွဲချက်ဖြင့် ရွာအတွင်းဝင်ရောက်ကာ ဒေသခံပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု နယ်ခံရွာသားများက ပြောသည်။

နယ်ခံအမျိုးသားတစ်ဦးက “ဖြစ်တာတော့ ရွာနားမှာဖြစ်ကြတာပဲ၊ ပြန်ဝင်လာပြီး ရွာသားတွေနေတဲ့ အိမ်တွေကိုမီးရှို့တာ။ သပ်သပ်စွပ်စွဲတာပါ ရွာနားမှာဖြစ်ပြီဆိုရင် ရွာထဲကအိမ်တွေရှို့ဖို့ပဲရှိတော့တယ်လေ၊ ကုလားမနိုင်တော့ ရခိုင်မဲတဲ့သဘောပေါ့။ အထိအခိုက်တော့ မရှိဘူး။ ရွာသားတွေ အကုန်လုံးကတော့ လောလောဆယ် လွတ်ရာကိုရွေ့ကုန်ကြပြီ” ဟု နိုဝင်ဘာလ၁၄ ရက်နေ့တွင် ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားစဥ် လက်နက်ကြီးများဖြင့် စစ်ကောင်စီ၏ (၇) မိုင်တပ်ရင်းမှ ပစ်ကူတိုက်ခိုက်ပေးခဲ့ရာ ဒေသခံများ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ပစ်ခတ်မှုများကြောင့် ကယားပြုံးချောင်းအပါအဝင် ရှမ်းပြုံးချောင်းနှင့် ရေဆင်းကုန်းရွာတို့မှ လူဦးရေ ၃၀၀ ထက်မနည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး သာသနာပိုင်းမှ တာဝန်ရှိသူများနှင့် နီးစပ်ရာဒေသခံများက အကူအညီပေးထားကြောင်း သိရသည်။

“လောလောဆယ် စစ်ရှောင်တွေကို ကျမတို့ နေရာချထားပေးတယ်။ အသင်းတော်အသီးသီးကလည်း တတ်နိုင်သလောက်တော့ ပါဝင်ကူညီပေးပါတယ်” ဟု ဒေသခံစစ်ရှောင်ကူအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များအား သွားရောက်အကူအညီပေးနိုင်ရန် သံတောင်ကြီးမြို့နယ်အတွင်း စားနပ်ရိက္ခာများ အကန့်အသတ်ဖြင့်သာ သယ်ဆောင်နေရသဖြင့် အခက်အခဲရှိသောကြောင့် နီးစပ်ရာလမ်းကြောင်းမှ အကူအညီပေးနေရသည်ဟုလည်း အခြားစစ်ရှောင်ကူ အမျိုးသားတစ်ဦးက ဆိုသည်။

“အခုလောလောဆယ် ကျနော်တို့ လူစာရင်းကောက်နေတယ် သေချာမသိရသေးဘူး။ အပြင်ကသူငယ်ချင်း ဆွေမျိုးအသိုင်းအဝိုင်းဆီကနေ ထောက်ပံ့တာလေးတွေနဲ့ ပြန်ကူဖို့ရှိတယ်။ သံတောင်ဘက်ကနေ လှည့်သွားလို့တော့ အဆင်မပြေဘူး။ လူကသွားလာလို့ အဆင်ပြေတယ်၊ဆန်ဆီဆားငါးပိကျတော့ သူတို့ပိတ်ပင်ထားတော့ သယ်လို့အဆင်မပြေဘူး။ အခြားဘက်က သွားရမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ကယားပြုံးချောင်းရွာပတ်လည်တွင် ကင်းပုန်းဝပ်နေကြရာ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုများနှင့် ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြသေးကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ကယားပြုံးချောင်းနှင့် ရှမ်းပြုံးချောင်းရွာသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်လာပြီး မသင်္ကာမှုဖြင့် ရွာနှစ်ရွာပေါင်းရှိ နေအိမ် ၁၁ လုံးအား မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ရွာသား ၂ ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ ရသေးသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here