တောင်ငူမြို့ ရပ်ကွက်နှင့်ကျေးရွာများအတွင်း စစ်ကောင်စီကလူအင်အားစုဆောင်းမှုပြုနေ

0
327
Photo - CJ

ပဲခူးတိုင်း (အရှေ့ခြမ်း)၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ ကျေးရွာများအပါအဝင် မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်က သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတဆင့် တစ်အိမ်လျှင် လူငယ်အမျိုးသားတစ်ယောက်နှုန်း တောင်းခံ၍ လူအင်အားစုဆောင်းနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

တောင်ငူမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက “ရပ်ကွက်တွေရော၊ ရွာတွေရော သူတို့ဝင်စစ်ချင်တာ စစ်ပြီး လူတောင်းနေတာ၊ ယောင်္ကျားလေးမရှိတဲ့အိမ်ဆို မိန်းကလေးခေါ်ကြမှာ၊ မြတ်စောညီနောင်တို့ ဒိုးသောင်တို့ဆို လူတောင်းတဲ့ကိစ္စ မနေ့က တစ်ရွာချင်းလိုက်ဆွေးနွေးကြတယ် ဒီနေ့စမှာ” ဟု ၎င်းက ပြောသည်။

တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ မြတ်စောညီနောင်၊ ငါးဖယ်အင်း၊ ဒိုးသောင် အစရှိသည့် ကျေးရွာများတွင်သာမက တောင်ငူမြို့ပေါ်ရှိ ရပ်ကွက် ၁၈, ၁၉, ၂၀, ၂၃ တို့တွင်လည်း ယခုဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်များက ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ဆောင်၍ တစ်အိမ်တစ်ယောက်နှုန်း လူတောင်းခံခြင်း၊ မဲနှိုက်ပါဝင်စေခြင်းတို့ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီက စစ်သင်တန်းတက်ရန် လူစုဆောင်းနေခြင်းဖြစ်ပြီး လူ‌မပေးနိုင်၊ မဲပေါက်သော်လည်း မပါဝင်လိုသော ‌ပြည်သူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအဖြစ် ခေါင်းစဉ်တပ်စွပ်စွဲကာ ဖမ်းဆီးထောင်ချခြင်းနှင့် ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

နောက်ထပ်မြို့ခံတစ်ဦးက “ဒီနေ့ အုပ်ချုပ်ရေးမှူးအိမ်မှာ အစည်းအဝေးခေါ်တော့ ယောင်္ကျားလေးတွေကို တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ခိုင်းတယ်။ တချို့အုပ်ချုပ်ရေးမှူးတွေက မတက်ခိုင်းဘူးပြောတော့ စစ်တပ်က အလံနီပြပြီး ဗုံးကြဲတိုက်မယ်တဲ့ပြောတယ်” ဟု ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်က ပြည်သူလူထုဆန္ဒမပါဘဲ အတင်းအဓမ္မ တပ်သားအင်အားစုဆောင်းခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် မိမိတို့၏မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသည် ပြောဆိုကြသည်။

စစ်ကောင်စီက စစ်သင်တန်းပေးရန် တပ်သားအင်အားစုဆောင်းနေခြင်းသည် တောင်ငူမြို့နယ်အတွင်းတွင် သာမက ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းအနောက်ခြမ်းရှိ ကျေးရွာများတွင်လည်း ဖြစ်ပွားနေပြီး စစ်တပ်က ၎င်းတို့စစ်အင်အား လျော့နည်းနေသည်ကို ဖြည့်တင်းရန် ပြည်သူလူထုကို အသုံးချနေသည့်အတွက် သတိဖြင့် နေထိုင်ကြရန် ပဲခူးတိုင်း တော်လှန်ရေးအရင်းအမြစ်များဘက်မှလည်း သတိပေးထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here