တောင်ငူတွင် အိမ်ငှားနေကြသည့် စစ်ရှောင်နေအိမ်များ ဧည့်စာရင်းနှင့် ဖုန်းစစ်ဆေးခံရမှု ပိုများနေ

0
343
ပုံစာ - တောင်ငူမြို့တွင်းတစ်နေရာ။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ ရပ်ကွက်အချို့တွင် အခြားမြို့များမှ လာရောက် စစ်ဘေးတိမ်းရှောင်နေရသည့် အိမ်ငှားနေထိုင်သူများကို စစ်ကောင်စီက ဧည့်စာရင်းနှင့် ဖုန်းများကို စစ်ဆေးမှုများပြုနေသည်မှာ ယခုနိုဝင်ဘာလအတွင်း ပိုမိုများပြားလာသည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

သံတောင်ကြီး၊ ရေတာရှည်၊ မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင် မြို့နယ်များဘက်မှ နယ်မြေ မငြိမ်မသက်မှု များကြောင့် တောင်ငူမြို့ ၁၉ ရပ်ကွက်၊ ၂၀ ရပ်ကွက်၊ ၂၃ ရပ်ကွက်များသို့ လာရောက်တိမ်းရှောင်နေကြရသူ စစ်ဘေးရှောင် အများအပြားရှိနေပြီး အချို့က သာသနာပိုင်အဆောက်အဦးများတွင်‌နေထိုင်ကြပြီး အချို့မှာ အိမ်ငှားနေကြခြင်း ဖြစ်သည်။

ထိုသို့ စစ်ဘေးရှောင်များ ငှားနေသည့်အိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ညအချိန်မရွှေး ဝင်ရောက်ပြီး ဧည့်စာရင်း စစ်ဆေးသည့်အပြင် ဖုန်းများလည်း အစစ်ဆေးခံနေရသည်ဟု တောင်ငူမြို့ ရပ်ကွက်တစ်ခုနေ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“စစ်ရှောင်လက်ခံတဲ့အိမ်၊ စစ်ရှောင်နေရာချပေးတဲ့ နေရာတွေရော ငှားနေတဲ့အိမ်တွေကို အများအားဖြင့် ဝင်စစ်တယ်။ ဖုန်းရော ဧည့်စာရင်းရောပေါ့၊ ဖုန်းကတော့ အသေစစ်တယ်။ စစ်ရှောင်ရင်း အိမ်ငှားနေရတဲ့ အိမ်တစ်အိမ်ဆို မိန်းကလေးတွေချည်းနေတာကို နင်တို့ယောကျ်ားတွေရော PDF လုပ်ကြတယ်မလားဆိုပြီး အမေးခံရတာ အခြားနေရာတွေဆိုလည်း ညဘက် ၂ နာရီ ၃ နာရီလောက်ဆို ရှောင်တခင်ဆိုပြီး လာစစ်တယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ထို့အတူ ကရင်တိုင်းရင်းသားအများစု နေထိုင်သော ၁၉ နှင့် ၂၃ ရပ်ကွက်များအတွင်း ဝင်ရောက်စစ်ဆေးခြင်း၊ ၂၀ ရပ်ကွက်ရှိ ပကူးသာသနာဝင်းတွင် နေရာချထားသော စစ်ဘေးရှောင်များကို စစ်ဆေးခြင်းများလည်း ရှိခဲ့ကြောင်း မြို့နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း တောင်ငူလေတပ်စခန်းမှ စစ်လေယာဥ်များ အတက်အဆင်းများသလို မြို့အတွင်းရှိ စစ်တပ်ဂိတ်စခန်းများအနီး မသင်္ကာဖွယ်ရာတွေ့ရှိပါက သေနတ်ပစ်ဖောက်ခြင်းရှိနေသည်ဟု နောက်ထပ် တောင်ငူမြို့ခံတစ်ဦးက ပြောသည်။

“(၂၃) (၂၀) ရပ်ကွက်ဘက်တွေကို စစ်တာ ကြားတယ်။ စစ်တောင်းတံတားနားက ရပ်ကွက်တွေပေါ့။ ပြီးတော့ (၁၆) ရက်နေ့ကလည်း ဒရုန်းတွေ့လို့ဆိုပြီး ညဘက်ကြီး ဆယ်နာရီလောက် သေနတ်ပစ်ဖောက်သံ ကြားသေးတယ်။ စစ်လေယာဥ်တွေတော့ ခေါက်ချီသယ်နေတာ တစ်စီးပြီးတစ်စီး လူနာတွေသယ်နေတာဆိုပြီး တချို့ပြောသံတော့ ကြားတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်း ဌာနချုပ်သည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနယ်မြေများဖြစ်သော တပ်မဟာ (၂) တောင်ငူခရိုင်နှင့် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်တို့တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများ ဖြစ်ပွားသည့် တိုက်ပွဲအချို့အတွင်း လေကြောင်းပစ်ကူမှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်လည်း တောင်ငူမြို့ (၄) မိုင်ရှိ စစ်ကောင်စီတပ်စခန်း ဝင်ရောက် တိုက်ခိုက်ခံရမှုတွင် အဆိုပါလေတပ်မှ လေကြောင်းပစ်ကူမှုပေးခဲ့သဖြင့် (၄) မိုင်အနီးကျေးရွာများမှ ဒေသခံများ ကျည်ထိမှန်သေဆုံးခဲ့သေးသည်။

ထိုတိုက်ပွဲကြောင့် တောင်ငူမြို့အဝင်အထွက်ကို စစ်ကောင်စီဘက်က တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here