ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ နဂါးမောက်ကျေးရွာကို နိုဝင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
သောက်ရေခပ်ဆည်အနီး၊ တောင်ငူမြို့နှင့် ၁၁ မိုင်ခန့်အကွာမှ လူဦးရေ ၄ ထောင်ကျော် ရှိသော နဂါးမောက်ရွာသို့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်က ရွာအနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရွာခံများလည်း နေရပ်စွန့်ခွာနေရသည်ဟု တောင်ငူမြို့ခံအမျိုးသမီးတစ်ဦးက ယခုလိုပြောပါသည်။
“မနေ့က ညနေပိုင်း ၆ နာရီ မတိုင်ခင် လေယာဥ်လာဝဲပြီး သိပ်မကြာဘူး၊ လာပစ်ချတာ ဒီနေ့မနက်တော့ အဲဒီရွာသားတွေ ရွာပြန် အထုတ်အပိုးယူတယ်။ ရွာက ဘုရားကျောင်းကိုလည်း လာထိတယ်” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တောင်ငူမြို့နယ် ၄ မိုင် အခြေစိုက်တပ်ရင်းအနီးရှိ ကျေးရွာများသို့ နှစ်ရက်ဆက်တိုက် လေကြောင်း ပစ်ခတ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီက နဂါးမောက်ကျေးရွာအား ထိုသို့အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၄ မိုင်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၃၉) ပစ်ခတ်ခံရသည့် နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်ရင်းတစ်ခုမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကျောက်တံခါးကျေးရွာအနီးရှိ ကွမ်းသီးခြံ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပင့်သီလာကျေးရွာအနီးတွင်လည်း (၁၂၀) မမ တစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
နယ်ခံအမျိုးသားတစ်ဦးက “သောကြာနေ့ (နိုဝင်ဘာ ၁၇ ရက်နေ့) ညပိုင်းက စစ်တပ်ကနေပြီး လက်နက်ကြီး ၃ လုံး လှမ်းပစ်တယ်။ ကျောက်တံခါးရွာဘက်က ကွမ်းခြံထဲကျတော့ ဘယ်သူမှ ဘာမှမဖြစ်ဘူး။ နောက်တစ်ခုက အဲ့နေ့ညပိုင်းပဲ ခလရ(၃၉)နဲ့ ဘာမှမဆိုင်တဲ့ဘက်က ပင့်သီလာရွာနားမှာလည်း (၁၂၀) မမ တစ်လုံးကျတယ်။ အရင်တုန်းက ဒီလောက်မထုဖူးဘူး အခုက သူ့ဟာသူပတ်ပစ်နေတာ” ဟု ပြောပါသည်။
ထိုသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကြောင့် တောင်ငူမြို့နယ်အတွင်းရှိ နဂါးမောက်ရွာ အပါအဝင် ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ ရေဆင်းကုန်း အစ ရှိသည့် ကျေးရွာများမှ လူဦးရေထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီနေသူ ဒေသခံများထံမှ သိရသည်။
ထို့အတူ နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ် ခဲ့သည်တွင် ခလရ-၃၉ အနီးရှိ စပါးလင်ကုန်းကျေးရွာမှ ဒေသခံ ၄ ဦးသေဆုံးခဲ့ပြီး ထိုဖြစ်စဥ်အပြီး စစ်တပ်က တောင်ငူမြို့တွင်း အချို့နေရာများတွင် အင်အားရာနှင့်ချီခန့် လှုပ်ရှားမှုများ ရှိလာသည်ဟု မျက်မြင်တွေ့ရှိသူ မြို့နေပြည်သူတချို့က ပြောပါသည်။
ကေအိုင်စီ ပေးပို့သည်။