တောင်ငူ – သံတောင် ကားလမ်းမကြီးနံဘေးရှိကျွန်းခင်းမှ ကျွန်းသစ်များ ခိုးထုတ်ခံနေရ

0
300
ပုံစာ - တောင်ငူ-သံတောင် ကားလမ်းမနံဘေးရှိကျွန်းခင်းမှ ကျွန်းသစ်များကို ခိုးခုတ်ခံနေရသည် (Photo – CJ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် ၁၃ မိုင်နှင့် ပျားစခန်းအကြား တောင်ငူ-သံတောင် ကားလမ်းမကြီး နံဘေးတွင်ရှိသော ကျွန်းခင်းမှ ကျွန်းသစ်များ စစ်တပ်အာဏာသိမ်းယူပြီးသည့်နောက်ပိုင်း တဖြည်းဖြည်း ခိုးထုတ်ခံနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျွန်းခင်းမှ ကျွန်းသစ်များကို စစ်ကောင်စီ အာဏာသိမ်းယူပြီးကာစ တရားဥပဒေ စိုးမိုးမှု ပျက်ပြားသွားချိန်တွင် အနည်းအကျဉ်း ခိုးထုတ်နေကြရာမှ ယခုနှစ် အစောပိုင်းမှစ၍ ဖောကားများဖြင့် ရဲရဲတင်းတင်း သယ်ထုတ်လာကြကြောင်း ယင်းနယ်မြေခံ အမျိုးသမီးတစ်ဦးက အခုလိုပြောသည်။

“ပထမတုန်းကတော့ အရပ်သားတချို့က ဆိုင်ကယ်လေးတွေနဲ့ အနည်းအကျဉ်းသယ်တာ လစ်ရင်လစ်သလိုပေါ့၊ နောက် အဖွဲ့အစည်းတချို့ကပါ ပါလာတယ်လို့ကြားတယ်။ သူတို့က ပိုခိုးထုတ်တယ်။ အခုကတော့ ပြောင်ပြောင် တင်းတင်းကို သယ်ထုတ်နေကြပြီ။ ဘယ်သူကမှလည်း တိုင်လို့မရဘူး။ သစ်ခိုးတဲ့သူတွေက စခိုးထုတ်ကတည်းက ဟိုးကျွန်းခင်း အတွင်းပိုင်းကနေ ခိုးတယ်။ အပြင်ကကြည့်ရင် မသိသာဘူးပေါ့” ဟု ၎င်းက ပြောသည်။

ယင်းသို့ သစ်ခိုးထုတ်သည့် အဖွဲ့များတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အခေါ် ငြိမ်းချမ်းရေး အဖွဲ့ဝင်များနှင့် အခြားအတည်ပြုရန် လိုအပ်ဆဲ အဖွဲ့မှ လူကြီးတချို့လည်း ပါဝင်ပတ်သတ်နေပြီး နယ်မြေခံများက တားမြစ်သည့်အခါ စစ်ကောင်စီလက်တွင်း အပ်နှံမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်းလည်း အမည်မဖော်လိုသည့် အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

အဆိုပါအမျိုးသမီးက “ခိုးထုတ်တဲ့အထဲမှာ စစ်တပ်လက်အောက်က သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဗိုလ်အဆင့်တစ်ယောက်ပါတယ်၊ ကျွန်းသစ်တွေကို အခုနောက်ပိုင်း နေ့လည်ဘက်လည်း သယ်ထုတ်လာကြတယ်၊ သိတဲ့သူတွေက တားတော့ ဖမ်းပြီး စစ်တပ်လက်အပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘူး။ သူကပေါင်းစားတာ စစ်တပ်ဘက်က အရာရှိတွေလည်းပါတယ်” ဟု ပြောဆိုသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက် ငြိမ်းချမ်းရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်အဆင့် အရာရှိဦးခင်မောင်လွင်နှင့် ဘိုဗရာတို့ နှစ်ဦးအား သစ်များ ကိုယ်ကျိုးအတွက် ခိုးထုတ် ယူနေသဖြင့် တောင်ငူ-လိပ်သို ကားလမ်းတနေရာတွင် သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကာကွယ်ရေးအဖွဲ့၏ ဇူလိုင် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ တစ်လလုံးသည် ကရင်တိုင်းရင်းသားဒေသ၏ (ကော်သူးလေ) သစ်ပင်စိုက်လဖြစ်ပြီး ဒေသအတွင်း နေရာအများအပြားတွင် နယ်မြေခံ တာဝန်ရှိသူများနှင့် ဒေသခံများက ပူးပေါင်း၍ သစ်ပင်စိုက်ကြသော်လည်း ယခုကဲ့သို့ သံတောင်ကြီး မြို့နယ်အတွင်းရှိ ကျွန်းပင်များလို အရေးယူမည့်သူ မရှိဘဲ ခုတ်လှဲ ခိုးယူခံနေရခြင်း၊ ခြိမ်းခြောက်မှုများ ရှိလာသည်နှင့် ပတ်သက်၍ ဒေသခံများ အကြား ဝေဖန်ပြောဆိုမှုများ ရှိလာကြောင်း သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here