တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ကုန်နှင့်ခရီးသည်တင်ယာဥ်များသွားလာခွင့်ပိတ်ထားလို့ အခက်ကြုံနေကြရ

0
381
ပုံစာ - စစ်ကောင်စီက တောင်ငူ-လိပ်သို လမ်းပိုင်းတွင် ကုန်နှင့်ခရီးသည်တင်ယာဥ်များ သွားလာခွင့်ပိတ်ထား။ (Photo - Myanmar National Post)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ လိပ်သိုမြို့နယ်ခွဲမှ တောင်ငူမြို့အထိ ဆက်သွယ်သွားလာ သည့် လမ်းပိုင်းကို စစ်ကောင်စီမှ ခရီးသည်နှင့် ကုန်တင်မော်တော်ကားများ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ဒေသခံများသွားလာရေးနှင့် ကုန်ပစ္စည်းပြတ်လပ်မှု အခက်အခဲများ တွေ့ကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီမှ လမ်းပိတ်ဆို့ထားတာကြောင့် အဆိုပါ လမ်းပိုင်းအား အသုံးပြု၍ ကုန်သယ်ယူပို့ဆောင်ရေးအတွက် ပုံမှန်သွားလာနေရသော မော်တော်ယာဥ်များ အပါအဝင် ခရီးသည်တင်မော်တော်ယာဥ်များအားလုံး ရပ်နားထားရသည့်အတွက် လိပ်သိုမြို့အတွင်းရှိ ကုန်ပစ္စည်းများ ပြတ်လပ်သွားခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “ဘာလို့ပိတ်တာလဲတော့ မသိဘူး၊ ကြိုတင်ကြေညာတာလည်း မရှိဘူး၊ ပိတ်တာက အထက်ကပိတ်ခိုင်းလို့ဆိုပြီး ဒီနေ့အထိ ဖြတ်ခွင့်မပေးတော့တာ။ အိမ်စီးကားလေးတွေနဲ့ ဆိုင်ကယ်တွေပဲ သွားလို့ရတယ်။ သွားစရာ အခြားလမ်းလည်းမရှိတော့ ဒုက္ခတွေရောက်ကုန်ပြီ၊ လိပ်သိုမှာလည်း ကုန်ခြောက်ပဲရှိတော့တယ် အကုန်ပြတ်ကုန်ပြီ၊ ဆန်လည်းသိပ်မရှိတော့ဘူး ဆိုင်တွေက အကုန်တောင်ငူကပဲ သွားဝယ်ရတာ” ဟု ပြောသည်။

လိပ်သိုမြို့အတွင်း ဒေသခံများအပြင် ပြီးခဲ့သည့်လပိုင်းက ရှမ်းလယ်ပြင် ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများနှင့် ရွာအတွင်း စစ်ကောင်စီတပ်စွဲနေထိုင်နေမှုများကြောင့် နေရပ်မပြန်ရဲကြဘဲ လာရောက်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူများလည်း ရှိနေသည့်အတွက် ကုန်ပစ္စည်းပြတ်လပ်လို့ အခက်ကြုံနေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။

အဆိုပါလမ်းပိုင်းသို့ ဖြတ်သန်းသွားလာခွင့်ရသော ဆိုင်ကယ်နှင့် အိမ်စီးကားများမှာလည်း စစ်ကောင်စီ ဂိတ်စခန်းများ၏ အစစ်အဆေး များပြားမှုကြောင့် သတိထားသွားလာနေရသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက အခုလိုပြောသည်။

“မြို့ပေါ်ကဆိုင်တွေမှာ နီးစပ်ရာရွာတွေက လာဝယ်ကြတယ်၊ လိပ်သိုမြို့ပေါ်က ကုန်စုံဆိုင်တွေက တောင်ငူဘက်မှာ ကုန်တွေသွားဝယ်တယ်၊ အခုပိတ်ထားတော့ ဘယ်သူမှသွားဝယ်လို့တော့ မရတော့ဘူး။ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားက ဘာကိစ္စမျိုးနဲ့မှ သွားလို့မရဘူး။ ဖြတ်လို့ရတဲ့ ဆိုင်ကယ်တွေနဲ့ အိမ်စီးကားတွေကိုတော့ အစစ်အဆေးရှိတယ်၊ သတိနဲ့သွားရတာပေါ့” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်ရှိ သံတောင်ကြီး မြို့နယ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားရာဒေသဖြစ်ပြီး၊ ယင်းဒေသရှိ စစ်ကောင်စီတပ်ဂိတ်စခန်းများမှလည်း နိုင်ငံရေးနှင့် စပ်ဆက်၍ မသင်္ကာစရာတွေ့ရှိပါက ဖမ်းဆီးခံရမှုများပြားသော ဒေသတစ်ခုလည်း ဖြစ်သည်။

အဆိုပါလမ်းပိုင်းအပါအဝင် ဒေသတွင်းရှိ တချို့သောလမ်းပိုင်းများတွင် ကုန်တင်မော်တော်ယာဥ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်မှတ်ကုန်ထက် ပိုမိုတင်ဆောင်ခြင်းမျိုး တွေ့ရှိပါကလည်း ကုန်ပစ္စည်းများ သိမ်းယူခံရမှု မကြာခဏဖြစ်ပွားပြီး ပစ်ခတ်မှုများလည်းရှိနေကြောင်း နယ်မြေခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက သံတောင် (အထူးဒေသ) ငြိမ်းချမ်းရေးအဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ဒေသအတွင်းရှိ ကျွန်းသစ်များ ခိုးထုတ်ခြင်းကြောင့်လည်းကောင်း၊ စစ်တပ်ဂိတ်စခန်းများတွင် ပူးပေါင်းစစ်ဆေးရေးလုပ်ဆောင်ပြီး ဂိတ်ကြေးကောက်ယူခြင်းကြောင့်လည်းကောင်း တောင်ငူ-လိပ်သို လမ်းပိုင်းပေါ်တွင် သံတောင် ပ.က.ဖ မှ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here