တောင်ကြီးရောက် ကရင်နီစစ်ရှောင်များ စစ်မှုထမ်းရမည်ကို စိုးရိမ်နေကြ

0
469
ပုံစာ - ရှမ်းပြည်တောင်ပိုင်းရောက် ကရင်နီစစ်ရှောင်များအားထုတ်ပေးသည့် ယာယီနေထိုင်ခွင့်ကတ်။

စစ်ကောင်စီ၏ ပြည်သု့စစ်မှုထမ်းဥပဒေ အမိန့်စာကြောင့် ရှမ်းပြည်၊ တောင်ကြီးရောက် ကရင်နီစစ်ဘေးရှောင် တချို့ စိုးရိမ်နေကြသည်။

တောင်ကြီးမြို့ပေါ်သို့ ပြောင်းရွှေ့စစ်ရှောင်နေကြသော ကရင်နီပြည်သူတချို့သည် ယခုနောက်ပိုင်း စစ်ကောင်စီ၏ အမျိုးမျိုးသော ထုတ်ပြန်ချက်ကြောင့် စိုးရိမ်ပူပန်နေကြသည်။

စစ်မှုမထမ်းမနေရဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ယခုနောက်ပိုင်း သတင်းအမျိုးစုံ ထွက်ပေါ်နေသည့်အတွက် မိခင်၏ကျန်းမာရေးကြောင့် တောင်ကြီး၌ တစ်နှစ်နီးပါး စစ်ရှောင်နေသော ကရင်နီလူငယ်တစ်ဦးက မည်သို့ ရှေ့ဆက် လုပ်ဆောင်ရမည်ကိုမသိဘဲ စိုးရိမ်ပူပန်သည်ဟု ဆိုသည်။

“သတင်းတွေအစုံ ကြားရတော့ လူလည်းစိုးရိမ်စိတ် ဖြစ်လာတယ်။ စစ်ရှောင်တာ ကြာပြီဆိုပေမယ့် ကိုယ့်က ဒီဘက်ဒေသခံ မဟုတ်တော့ စိတ်မလုံခြုံမှုတွေ ခံစားရတယ်။ တနေနေရာရာကို ထပ်ရှောင်ဖို့ဆိုလည်း ကျန်းမာရေး မကောင်းတဲ့အမေက တဖက်နဲ့မို့ အခက်အခဲတွေရှိတယ်” ဟု ကရင်နီစစ်ရှောင်လူငယ်က ပြောသည်။

ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း၌လည်း တောင်ကြီးမြို့ပေါ်သို့ လာရောက်တိမ်းရှောင်ကြသော စစ်ရှောင်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာယီနေထိုင်ခွင့်ကို ထုတ်ပေးခဲ့ကြောင်း ထိုလူငယ်က ဆက်ပြောဆိုသည်။

“ဒီလထဲလည်း ယာယီနေထိုင်ခွင့်ကတ်ဆိုပြီး ထုတ်ပေးသေးတယ်။ အစတော့ ထုတ်ပေးတော့လည်း ယူထား လိုက်တာပေါ့။ အခုတော့ စစ်မှု မထမ်းမနေရ ဥပဒေတွေရော ဧည့်စာရင်းစစ်မယ်ဆိုတဲ့ သတင်းတွေရော ကြားရတော့ စစ်ရလွယ်အောင် ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးတာလားလို့ တွေးမိတယ်” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ တောင်ကြီးမြို့တွင် ဧည့်စာရင်းတိုင်ရာတွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင် မိတ္တူများသာမက တစ်ကိုယ်လုံးအလှဓါတ်ပုံလည်း ပူးတွဲတင်ပြရန် အသိပေးထားသည်ဟု မြို့ခံများက ပြောသည်။

အခြေအနေများ ပိုမိုတင်းကြပ်လာသောကြောင့် “ကိုယ်က ယောက်ကျားလေးဆိုတော့ ဒီနောက်ပိုင်း သွားရလာရတာ ပိုပြီးသတိထားရတယ်။ နေ့ခင်းဆို နည်းနည်းသက်သာပေမယ့် ညဆို စိတ်ချလက်ချ မအိပ်ရဘူး။ ဧည့်စာရင်းများ လာစစ်မလား၊ တခုခုများ ဖြစ်မလားဆိုပြီး စိုးရိမ်နေရတယ်” ဟု ကရင်နီစစ်ရှောင်တစ်ဦးက ပြောသည်။

နယ်မြေ အနည်းငယ်အေးချမ်းမှုရှိသည့် နေရပ်သို့ ပြန်လည်နေထိုင်ရန် စဉ်းစားသော်လည်း လမ်းခရီး၌
အစစ်အဆေး အလွန်များပြားသောကြောင့် နေရပ်ပြန်ရေးကိစ္စကလည်း မဖြစ်နိုင်သေးဘူးဟု တောင်ကြီးနှင့် ရှမ်း-ကရင်နီအစပ် ဒေသများတွင် စစ်ရှောင်နေကြရသည့် ကရင်နီစစ်ရှောင်များက ပြောသည်။

စစ်ရှောင်တစ်ဦးက “တောင်ကြီးကနေ နေရပ်ကို ပြန်မယ်ဆိုရင်လည်း လမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ကိုယ်က ကရင်နီပြည်နယ်ရဲ့ ဘယ်နေရာ ဘယ်ဒေသမှာ အမှန်တကယ် နေထိုင်ပါတယ်ဆိုတဲ့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်ပါတဲ့ ထောက်ခံစာကိုပြဖို့ လိုတယ်။ ဒီအခြေနေမျိုးမှာ ထောက်ခံစာ ဘယ်လိုယူရမလဲ မလွယ်ဘူးလေ။ ဘဝက ပြန်ရလဲခက် နေရလဲခက် ဖြစ်နေတယ်” ဟု ပြောသည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပြင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အရဲစွန့်ပြီး တောင်ကြီးမှ ကရင်နီဘက်သို့ ရရာလမ်းကြောင်း ပြန်လာသည့် စစ်ရှောင်များလည်း ရှိနေသည်။

ကရင်နီသို့ ပြန်ရောက်လာသည့် စစ်ရှောင်တစ်ဦးက “လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်က တအားစစ်တယ်။ ကရင်နီကဆိုပြီးတော့ ပိုဆဲ ပိုစစ်တယ်။ သေနတ်နဲ့ရွယ်ပြီး မရိုက်စစ်ရုံတမယ် စစ်တာ” ဟု ပြောသည်။

ယခုလက်ရှိ၌ တောင်ကြီးသို့ စစ်ရှောင်နေကြသော ကရင်နီစစ်ရှောင် အများစုသည် နေရပ်သို့ပြန်ရန်လည်း မလွယ် ကူသေးသလို တောင်ကြီး၌ ဆက်လက်နေထိုင်ရန်အတွက်လည်း စိုးရိမ်ပူပန်နေကြသည်။

ကရင်နီပြည်နယ်ထဲက စစ်ရှောင်ပြည်သူများသည် ရှမ်း-ကရင်နီ အစပ်ဒေသများ၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး စသည့် မြို့များအထိ စစ်ရှောင်နေကြရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here