တောင်ကုတ်မြို့နယ် တရဂူရွာအနီး လက်နက်ကြီးကျည်ဟောင်းများကို စစ်ကောင်စီတပ် ဖျက်ဆီး

0
335

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအနီး စစ်ပစ်ကွင်းမှ ယနေ့ နေ့လယ်က လက်နက်ကြီးကျည်များပေါက်ကွဲသံကို ကြားခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

ယခုပေါက်ကွဲသည့်လက်နက်ကြီးသံများမှာ အသုံးမလိုတော့သည့် လက်နက်ကြီးအဟောင်းများကို ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ပြီး ယင်းသို့ ဖောက်ခွဲဖျက်ဆီးရန် ရွာအတွင်း ယမန်နေ့က ဆော်သြအသိပေးထားသည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့တစ်ရက်တည်း ဖောက်ခွဲမှာတဲ့။ အဟောင်းတွေကို ဖောက်မှာလို့ ပြောတယ်”ဟု ပြောသည်။

လက်နက်ကြီးပေါက်ကွဲသံများကို တရဂူရွာ၏မြောက်ဘက် မိုင်ဝက်ခန့်အကွာ ကားလမ်းဘေးရှိ စစ်ပစ်ကွင်းမှ ယနေ့ ဧပြီလ ၁ ရက် နေ့လယ် ၂ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ ပေါက်ကွဲသံ ၉ ချက်ကို ကြားခဲ့ရသည်ဟု ဒေသခံများက နိရဥ္စရာကို ပြောသည်။

တရဂူရွာသားတစ်ဦးက “ဒေသခံတွေက အဲ့ဒီအသံတွေကြားတော့ အနားတောင်မကပ်ရဲဘူး။ ထိတ်လန့်နေကြတယ်” ဟု ပြောသည်။

အဆိုပါ စစ်ပစ်ကွင်းအနီး ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်တို့ တည်ရှိကြောင်း
စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ လက်နက်များ ပစ်ခတ်လေ့ကျင့်သည့် ကွင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တရဂူကျေးရွာအုပ်စုရှိ ရွှေပန်းတောရွာသားတစ်ဦးကလည်း “သေနတ်ပစ်သံတော့ မဟုတ်ဘူး။ လက်နက်ကြီးပစ်သံပါ”ဟု ပြောသည်။

ယခုပစ်ဖောက်သည့် လက်နက်ကြီးများသည် တရဂူရွာအရှေ့ဘက်ရှိ တောတောင်များတွင် ထိမှန်ပေါက်ကွဲခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ နံနက်ကလည်း အဆိုပါစစ်ပစ်ကွင်းတွင် စစ်လက်နက်ပစ္စည်းအဟောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။

ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here