တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ညောင်ခြေထောက်အနီးတွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တို့ထံက သတင်းရရှိသည်။
ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ ဥသျှစ်ပင်မြို့နှင့် (၇)မိုင်လောက်သာ ဝေးတဲ့ ကပစ (၆) နဲ့ ညောင်ခြေထောက်ကျေးရွာဝန်းကျင်အနီးမှာတိုက်ပွဲပြင်းထန်နေပါတယ်။ စစ်တပ်က ဒီနေ့ တစ်ရက်လုံး လေကြောင်းကနေ တရစပ် ဗုံးကြဲတိုက်ခိုက်နေပါတယ်” ဟု ပြောသည်။
ယနေ့ မေ ၁၀ရက်နေ့ နံနက်ပိုင်းမှစ၍ ညောင်ခြေထောက်ပတ်ဝန်းကျင်အနီးရှိ တော၊တောင်များနှင့် ကွင်းပြင်းမှအစ လေကြောင်းမှ တရစပ် ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက်ပြင်းနေသည်ဟု၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကျအဆုံးများဖြင့် ညောင်ကျိုးကနေ နောက်ဆုတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ပြန်လည်စုစည်းကာ ညောင်ခြေထောက်အနီးဝန်းကျင်တွင် စစ်ကြောင်းထိုးလှုပ်ရှားလာသဖြင့် AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာက တိုက်ပွဲမှာပြင်းထန်နေသည်ဟု ၎င်းက ပြောသည်။
“ဟိုတစ်ပတ်က ညောင်ကျိုးစခန်းကို စစ်ကြောင်းထိုးလို့ နောက်ပြန်ဆုတ်လာတဲ့အဖွဲ့တွေကို ပြန်စုစည်းပြီး လှုပ်ရှားလာတာ။ အဲဒီစ်ကြောင်းကို AAနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းတိုက်ခိုက်နေတာ။ တိုက်ပွဲ ဖြစ်နေတာက တစ်ရက်နှစ်ရက် ရှိနေပြီ။ဒီနေ့မနက်ပိုင်းကလည်း တိုက်ပွဲ ရှိနေသေး တယ်။ ညောင်ခြေထောက်နဲ့ ကပစဖက်က ညောင်ကျိုးဘက်ကို စစ်ကြောင်းထိုးတာလည်းရှိတယ်။ဒါကြောင့် တိုက်ပွဲဖြစ်နေတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲပြင်းထန်မှုကြောင့် ညောင်ခြေထောက်အပါအဝင် အနီးအနားရှိ ကျေးရွာသားများ ထွက်ပြေးနေကြ ရသည်ဟု သိရသည်။ စစ်ကောင်စီသည် လေယာဉ်များဖြင့်သာမက ဥသျှစ်ပင်မြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ အတွဲလိုက် ဒုံးကျည်များ၊ စက်တပ်လေထီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေသည်ဟု ညောင်ခြေထောက် ဒေသခံတစ်ဦးက ပြောသည်။
“ညောင်ခြေထောက်ဖက်မှာအရင် မတ်လတုန်းကလည်း တိုက်ပွဲဖြစ်ခဲ့တယ်။ တိုက်ပွဲကရပ်လိုက်၊ ပြန်ဖြစ် လိုက်။ ရွာသားတွေကလည်း ပြေးတဲ့သူပြေး၊ မပြေးတဲ့သူမပြေးဘူးပေါ့။ အခုတိုက်ပွဲထပ်ဖြစ်လာလို့ ကျန်နေတဲ့သူတွေ ထပ်ပြေးရတယ်။ အဝတ်တစ်ထည်ကိုယ်တခုနဲက ပြေးရတာ။ ဘာမှယူမလာရဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပဲခူးတိုင်း ၊ညောင်ကျိုးဗျူဟာစခန်းကုန်းကို AA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်အကြာ ဧပြီ (၂) ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်။
ဧပြီလ နောက်ဆုံးအပတ်နှင့် မေလအစပိုင်းက စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်သည် လေကြောင်းပစ်ကူဖြင့် ညောင်ကျိုးစခန်းကို ပြန်လည်သိမ်းပိုက်ရန် တက်လာရာ ရခိုင်ရိုးပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် လမ်းတဝက်မရောက်ခင် အကျအဆုံးများဖြင့် နောက်ဆုတ်ခဲ့ရသည်။
နိရဉ္စရာ ပေးပို့သည်။