ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်တစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ရဲတပ်ဖွဲ့၀င် ၄ ဦးသည် တီးတိန် – ရိဒ် လမ်းမပေါ်က ခရီးသွားအရပ်သားပြည်သူများထံ အဆမတန် ငွေကြေး တောင်းခံလေ့ရှိပြီး ပြည်သူများအား ဒုက္ခပေးနေသည့်အတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု PDF-Zoland တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“သူတို့က ဒီ တီးတိန်မြို့ထဲမှာ ပြည်သူတွေကို အနှောက်အယှက်ပေးတယ်၊ ပြီးရင် ကားသမားတွေကို ငွေကြေး တွေ အဆမတန် တောင်းတယ်ပေါ့နော်။ ခုချိန်မှာ ကုန်ဈေးနှုန်းကလဲ အဆမတန် မြှင့်တက်လာတဲ့အတွက် ပြည်သူတွေ တော်တော်လေးကို အကျပ်အတည်း ဖြစ်နေတာ၊ အဲလို ဒုက္ခရောက်နေတာကို လက်ပိုက် မကြည့်နိုင်လို့ ဝင်ရောက်ဖမ်းဆီးတာ ဖြစ်တယ်” ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့သည် တီးတိန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲများဖြစ်ပြီး တီးတိန်မြို့အနီးတဝိုက်ရှိ ကုန်တင် ကားသမားများထံမှ သိန်းနှင့်ချီ ကောက်ခံလေ့ရှိသလို ကားအသွားအလာ နည်းသည့်နေ့များမှာလည်း ခရီးသွား ပြည်သူများအား ကြုံရင်ကြုံသလို ငွေကြေးကောက်ခံလေ့ရှိကြောင်း သိရသည်။
ထို့ကြောင့် ယင်း ရဲတပ်ဖွဲ့၀င် ၄ ဦး ကို တီးတိန်-လမ်ဇန်းရွာကြား လမ်းမတစ်နေရာတွင် အလစ်ငိုက် ၀င်ဖမ်းခဲ့ခြင်း ဖြစ်သည်ဟု PDF-Zoland တာ၀န်ရှိသူက ပြောသည်။
“ကျွန်တော်တို့ အလစ်ငိုက် ဝင်ဖမ်းတာပေါ့နော်။ သူတို့ ကျွန်တော်တို့ရှိမယ်လို့ မထင်မဲ့နေရာမှာပေါ့ ကြိုပြီး စောင့်တယ်။ သူတို့ရောက်လာတော့ သေနတ်ချိန်ပြီး ခင်ဗျားတို့ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ ဘာမှမလုပ်ဘူး၊ ဝပ်နေဝပ်နေ ဆိုပြီး အဲလိုခေါ်သွားတာ” ဟု အဆိုပါတာ၀န်ရှိသူက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း၊ စည်သူမိုးနဲ့ ချမ်းငြိမ်းကျော်တို့ ဖြစ်ပြီး ၎င်းတို့ ၄ ဦးအား မေးမြန်းစရာများကို လွတ်လွတ်လပ်လပ် စစ်ဆေးမေးမြန်းပြီး ကောင်းကောင်းမွန်မွန် ပြုစုထား၍ လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ ဖမ်းဆီးခံရဲ ၄ ဦးအနက် ၂ ဦးမှာ ဆေးသုံးထားကြောင်းသိရပြီး ၎င်းတို့အား လိုအပ်သလို အရေးယူမှု လုပ်ဆောင်မည်ဟု သိရသော်လည်း ဘယ်လိုအရေးယူမှု လုပ်ဆောင်သွားမည်ဆိုတာကိုတော့ မသိရသေးပါ။
KMG ပေးပို့သည်။