ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် PDF-Zoland အဖွဲ့ဝင်ဟု လိမ်ညာပြောဆိုပြီး ပြည်သူပိုင် ဆိုင်ကယ်ကို ခိုးယူသူ အမျိုးသားတစ်ဦးအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း PDF-Zoland အဖွဲ့ထံမှ သိရသည်။
၎င်းသည် နယ်ဘက်မှ တီးတိန်မြို့သို့ တက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ပေးမှုအရ ရောက်လာခြင်းဟုဆိုကာ ဒေသခံများထံ တစ်ပါတ်နီးပါး တည်းခိုပြီးနောက် အိမ်ရှင်ပိုင် ဆိုင်ကယ် တစ်စီးအား ခိုးထုတ်ခဲ့ခြင်းဟု သိရသည်။
ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့ အမည်ပျက်အောင် လိမ်ညာပြောဆိုပြီး ခိုးယူသူအား လိုအပ်သလို အရေးယူနိုင်ရန် တီးတိန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပူပေါင်း၍ ဆောင်ရွက်သွားမည်ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဲလိုလူကိုတော့ ဒီတိုင်းထားလို့ မရဘူး၊ လိုအပ်တဲ့အရေးယူမှု လုပ်ဖို့ရှိတယ်၊ ဉပမာအားဖြင့် ပစ္စည်းခိုးခံရတဲ့ ပိုင်ရှင်နဲ့ ပေးတွေ့မယ်၊ ညှိနှိုင်းခိုင်းမယ်။ ပိုင်ရှင် စိတ်တိုင်းကျ သူခိုးတဲ့ပစ္စည်းအတိုင်း ပြန်လျော်ခိုင်းတာမျိုး၊ ပြီးရင် သူခိုးရဲ့ မိသားစုနဲ့ တွေ့ပြီးတော့ ခံဝန်ကတိ ထိုးခိုင်းတာတို့ပေါ့။ ပြီးရင် သူ့ကို ဆက်ထိန်းသင့်ရင်လည်း ပြည်သူ့ရဲတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လို ပြစ်ဒါဏ်ချမလဲဆိုတာ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ခိုးယူခံရသော ဆိုင်ကယ်အား ပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ခဲ့ပြီဟုလည်း သိရသည်။ ယခုလက်ရှိတွင် ဆိုင်ကယ်ခိုးယူသူအား PDF – Zoland မှ ထိန်းသိမ်းထားဆဲဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးသုံးစွဲသူ ဖြစ်ကာ ဇနီးသည်နှင့် ကလေးရှိသူ ဖြစ်သောကြောင့် လုံခြုံရေးအရ ၎င်းနှင့် သက်ဆိုင်သည့် နာမည်နှင့် အချက်အလက်များအား ဖော်ပြခြင်း မပြုထားပေ။
အလားတူ လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင်လည်း ကလေးမြို့ပေါ်တွင် PDF အယောင်ဆောင်ကာ ပြည်သူများထံ ငွေကြေးတောင်းခံခြင်း၊ ပစ္စည်းတောင်းခံခြင်းနှင့် နေအိမ်ဖောက်ထွင်း ခိုးယူမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
KMG ပေးပို့သည်။