တီးတိန်တွင် အသက်မပြည့်သေးသူကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်သွား

0
131

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသော ကလေး ၈ ယောက်ကို စစ်မှုထမ်းဆောင်ရန် Zomi Revolutionary Army -Eastern Command (ZRA-EC) က ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု တီးတိန်မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။

တီးတိန်မြို့မှ မိုင် ၂၀ ကျော် ကွာဝေးသော တုန်းဇန်ကျေးရွာသို့ ဇူလိုင် ၆ ရက်နေ့က ZRA-EC တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ရွာထဲက ကလေးငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်း၍ မဲပေါက်သော အသက် ၁၃ ဝန်းကျင်အရွယ်ရှိ ကလေး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

“ရွာထဲမှာ တအိမ်တက်ဆင်း မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ကလေးတွေကို ခေါ်သွားတာ။ အဲ့ထဲမှာ (၄/၅) တန်း ကလေး လေးတွေ ရှိတယ်။ မနေ့က (ဇူလိုင် ၇ ရက်) နေစပြီးတော့ ရွာထဲမှာ ၄ တန်းအထက် ကလေးသူငယ် ယောကျာ်းလေးတွေ အကုန်လုံး ကြောက်လို့ထွက်ပြေးကြတယ် ရွာထဲမနေကြဘူး” ဟု အဆိုပါတီးတိန်ဒေသခံက ပြောသည်။

ZRA-EC တပ်ဖွဲ့က ကလေးငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် တုန်းဇန်ကျေးရွာက မိဘပြည်သူများသည် စိုးရိမ်ထိတ်လန့်ကြပြီး အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အလားတူ တွန်းဇံမြို့နယ် ကျီခါးမြို့ပေါ် အပါအဝင် (Vom) ဝမ် ကျေးရွာ၊ တန့်စောက်လ် ကျေးရွာ၊ ခွာဒမ်ကျေးရွာတို့တွင်လည်း စစ်မှုထမ်းရန်အတွက် ZRA က တစ်အိမ်တက်ဆင်း နာမည်စာရင်း ကောက်ယူခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Zomi Revolutionary Army -Eastern Command (ZRA-EC) အဖွဲ့ထံ ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်လို့ မရရှိသေးပါ။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here