တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကိုယ့်ဒေသကိုယ် ဖျက်ဆီးနေကြပြီး နိုင်ငံရေးအရ ရင့်ကျက်မှုမရှိဘူးဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆို

0
140
ပုံစာ - စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ကရင်နီ (ကယား) ပြည်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဟာ ကိုယ့်ဒေသကိုယ် ဖျက်ဆီးနေကြပြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့၊ ရွာများ ထိခိုက်ပျက်စီး ခဲ့ရသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်များသည် အမျိုးသားစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသောအတွေးအခေါ် အယူအဆများနှင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိကြောင်း၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းဖြစ်သည်ဟု (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပေးပို့သော သဝဏ်လွှာတွင် စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုထားသည်။

သဝဏ်လွှာထဲတွင် “ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်း နေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ၎င်းတို့ သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ပြည်သူအားလုံးက ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုပါသည်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

ထိုသို့ပြောဆိုမှုအပေါ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး – ၂ ဦးဗညားက “သူ့ရဲ့အာဏာတပ်မက်မှုကြောင့် လူထုတွေက ပိုပျက်စီးရတယ်။ တခြားတဖက်မှာလည်း ကျနော်တို့အနေနဲ့ အာဏာရှင်ကိုတော့ လူပိန်းစကားနဲ့ပြောရရင်တော့ ကောင်းကောင်းမွန်မွန်စကားမပြောရရင်တော့ လက်နက်ကိုင် ပြီးမှပဲ ပြန်ချရမှာပဲ။ အဲ့လိုမျိုး ဖြစ်သွားတဲ့အခင်းအကျင်း ဖြစ်သွားတယ်။ တရားခံအစစ်က သူကိုယ်တိုင်ပဲဖြစ်တယ်” ဟု ပြန်ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီက တိုင်းပြည်အာဏာသိမ်းယူပြီးနောက် လက်နက်ကိုင် တော်လှန်ရေး ဦးစွာစတင်ခဲ့မှုတွင် ကရင်နီပြည်ပါဝင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။

ယင်းအပြင် “လွိုင်ကော်မြို့ပြ တစ်လေးလုံးစစ်ဆင်ရေး” အတွင်း၌လည်း လွိုင်ကော်မြို့ပေါ်က နေအိမ်များသည် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ရပါသည်။

လက်ရှိတွင်လည်း လွိုင်ကော်မြို့တွင် စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာ အဖွဲ့အသီးသီးကို ပြန်လည်ဖွင့်လှစ်နေသလို ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေသည်ဟုလည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်တို့တွင် ဖော်ပြနေလေ့ရှိသည်။

“၇၃” နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လွိုင်ကော်မြို့အတွင်းရှိ ပြည်နယ်ခန်းမနှင့် မြို့နယ်ခန်းမတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြခန်းများကို ခင်းကျင်းပြသထားပြီး လုံခြုံရေး တင်းကြပ်ထားသည်ဟု မြို့ခံများက ပြောဆိုသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here