တိုက်ပွဲဖြစ်ပွားရာနေရာအနီးတွင် ခြံလုပ်ငန်း ဝင်ရောက်လုပ်ကိုင်နေသူများ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်ရ

0
126
ပုံစာ - တောတောင်များကြားတွင် တိမ်းရှောင်နေထိုင်ကြသည့် စစ်ဘေးရှောင်တချို့။ (Photo – CJ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ ဒေသခံတို့ ရက်ရှည်ကြာစစ်ရှောင်နေစဉ် စားဝတ်နေရေးအခက်ခဲကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် ခြံလုပ်ငန်းသို့ ဝင်ရောက်လုပ်ကိုင်လျှက်ရာတွင် မြေမြှပ်မိုင်းအန္တရာယ်စိုးရိမ်ရသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူတို့က ပြောသည်။

ယခုဒီဇင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ တပ်ဆုတ်ထားတာကြောင့် နှစ်ဖက်တိုက်ပွဲရပ်တန့်နေချိန် အကူအညီအထောက်အပံ့မှု တစုံတရာမရရှိသည့် စစ်ဘေးရှောင်တို့က တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတဝိုက် ရာဘာခြံတို့တွင် ရသမျှနည်းဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေခြင်းကြောင့် မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်စရာဖြစ်နေကြောင်း အနန်းကွင်း စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ယခုလိုပြောဆိုသည်။

“တိုက်ပွဲ နည်းနည်းငြိမ်တဲ့အချိန်ဆို သူတို့တွေက ပြန်လိုက်၊ အလုပ်လုပ်လိုက်ဆိုတော့ မြေမြှုပ်မိုင်း ကိစ္စက တော်တော်စိုးရိမ်ရပေမဲ့ ကိုယ်လည်း ဘာမှမကူညီပေးနိုင်တဲ့ အနေအထားဖြစ်နေတယ်။ ပြီးတော့ တိုက်ပွဲကြောင့် လူမသိသူမသိ သေဆုံးရတာတွေလည်း အများကြီးရှိတယ်” ဟု ၎င်းကဆိုသည်။

အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ်လလယ်ခန့်မှစ၍ စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကြား တိုက်ပွဲများအပြင် ရေး – သံဖြူဇရပ်ကားလမ်း အရှေ့ဘက် ရဲတံခွန်ကျေးရွာဘက်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၈ ဦးထက်မနည်း ရှိခဲ့သည်ဟု သိရသည်။

အနန်းကွင်းဗျူဟာတပ် စခန်းသိမ်းတိုက်ပွဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၅၀၀ ခန့်သည် မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး စသည့် မြို့နယ်ဘက်သို့ ပြောင်းရွှေ့နေထိုင်လျှက်ရှိပြီး တချို့စစ်ဘေးရှောင်များမှာ အဆိုပါ ကျေးရွာအနီးအနားရှိ တောတောင်များကြားတွင် တိမ်းရှောင်နေထိုင် နေကြပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး အထောက်အပံ့များ လိုအပ်လျှက်ရှိသည်။

အနန်းကွင်းဗျူဟာတိုက်ပွဲ အစောပိုင်းကာဖြစ်သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဒေသခံခြံလုပ်သား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရပြီး လက်ရှိ ဒီဇင်ဘာလ အတွင်း၌လည်း ဇီးနှစ်ပင်ရွာသား ၂ ဦးနှင့် သံဖြူဇရပ် ပငရွာမှအမျိုးသား ၁ ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဇီးနှစ်ပင်က မိုင်းနင်းမိထားတဲ့ ရွာသားနှစ်ယောက်ဆိုရင် အသက် ၂၀ ကျော် လူငယ်တွေပဲ။ ရာဘာခြံရှင်းလင်း နေချိန်မှာပဲ နှစ်ယောက်လုံး မိုင်းနင်းမိပြီ ဒဏ်ရာရခဲ့ကြတယ်။ တစ်ယောက်က နည်းနည်းပဲထိပေမဲ့လည်း တစ်ယောက်က ခြေထောက်မှာ အများကြီးထိထားတယ်။ အသက်စိုရိမ်းရတဲ့အထိတော့ မဟုတ်ဘူးပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ၌ ဒေသခံများ မြေမြှုမိုင်းနင်းမိသည့်နေရာသည် စစ်ကောင်စီတပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တို့လည်း လှုပ်ရှားသွားလာနေပြီး မြေမြှုပ်မိုင်းကို မည်သည့်အဖွဲ့မှ ထောင်ထားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အနန်းကွင်း ဗျူဟာတိုက်ပွဲသည် ၄ လ နီးပါး ကြာသည်အထိ ဆက်လက်ပြင်းထန်နေပြီး အင်အားဖြည့်တင်းရန် ပိုမိုခက်ခဲလာသည့် စစ်ကောင်စီတပ်တို့က ဒရုန်းအသုံးပြီး ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်းလည်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here