တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်ဆုတ်စွန့်ခွာခဲ့သည့် နာ့ဟိုင်စစ်ကောင်စီတပ်စခန်း KIA နယ်မြေရှင်းလင်းခဲ့

0
328
ပုံစာ - ရှေ့တန်းတစ်နေရာမှာမြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ‌။

ကချင်ပြည်နယ်၊ မိုးကောင်း – ဖားကန့်သွားကားလမ်းပေါ် နာ့ဟိုင်ကျေးရွာ (Namsheng) တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းမှာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပေမယ့် ယခုရက်ပိုင်းအတွင်း ထိုတပ်စခန်းတစ်ခုလုံး တပ်ဆုတ် သွားတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်စွန့်ခွာပြီးနောက် ဇန်နဝါရီ ၂၈ ရက်နေ့မှာပင် ကချင်လွတ်လပ်ရေး တပ်မတော် KIA က သွားရောက်ပြီး မိုင်းရှင်းလင်းရေးလုပ်တာ တပ်စခန်းအတွင်းက တဲစခန်းများကို မီးရှို့ဖျက်ဆီး ရှင်းလင်း ဆောင်ရွက်ခဲ့တယ်လို့လည်း KIA ထံမှ စုံစမ်းသိရပါသည်။

ထိုနာ့ဟိုင်စစ်ကောင်စီတပ်စခန်းသည် စစ်အင်အား ၂၀ ဝန်းကျင်လောက်နှင့် ကျေးရွာအနောက်ဘက်ခြမ်း ပေတစ်ထောင်ကျော်ရှိသည့် တောင်ကုန်းနေရာတွင် တပ်ချထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လက်ရှိချိန်တွင် ကားမိုင်းဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေနှင့် သွားရောက်ပူးပေါင်းသွားကြပြီ ဖြစ်တယ်လို့ ကားမိုင်းဒေသခံ အမျိုးသားတစ်ယောက်က အခုလိုပြောသည်။

“နာ့ဟိုင်က စစ်သားတွေအကုန်လုံး ကားမိုင်းဗျူဟာမှာ အကုန်ပေါင်းသွားကြပြီ။ သူတို့ရဲ့ တပ်ချုပ်နေရာလည်း ဖြစ်တဲ့အတွက် အဲ့ဒီကိုပြန်ဆုတ်သွားတာလို့ထင်ပါတယ်။ ပြီးရင် ကားမိုင်းမှာက ပြည်သူ့စစ်တစ်ခုနဲ့ စစ်တပ်စခန်း တစ်ခု ၂ ခု ရှိတယ်။ အဲ့ဒီဂိတ်တွေမှာ အင်အားပြန်ဖြည့်ဖို့လည်း ထင်ပါတယ်” ၎င်းက ပြောဆိုသည်။

နာ့ဟိုင်စစ်ကောင်စီတပ်ဖွဲ့များ အခုလို တပ်ဆုတ်စွန့်ခွာသွားတာက လုံခြုံရေးအားနည်းလာတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ နာ့ဟိုင်ဒေသခံ အမျိုးသားတစ်ယောက်က ပြောသည်။

“ပြောရမယ်ဆိုရင် သူတို့အတွက် သိပ်မလုံခြုံတော့ဘူးလို့ ထင်တယ်။ ပြီးရင် ဒေသခံတွေကလည်း တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြတဲ့ အနေအထားမှာ ရှိနေတယ်။ အစားအသောက်တွေ ဝယ်ယူစုဆောင်းတာတွေ ရှိနေတယ်။ အဲ့ဒါတွေကိုကြည့်ရင် စစ်အင်အားတွေလည်း နည်းလာလို့ ထွက်ခွာသွားတယ်လို့ပဲ မြင်ပါတယ်” ဟု အဆိုပါနာ့ဟိုင်ဒေသခံ ပြောပါသည်။

ထိုနာ့ဟိုင်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်း တပ်ချုပ်နေရာဖြစ်သည့် ကားမိုင်းဗျူဟာကုန်းဆီကို ဆုတ်ခွာသွားကြတာ ဖြစ်တယ်လို့ ဒေသခံများ ပြောဆိုမှုအရ သိရသည်။

နာ့ဟိုင်စစ်ကောင်စီတပ်စခန်းသည် မိုးကောင်းတွင် တပ်ချနေထိုင်ထားသည့် စစ်ကောင်စီတပ်စခန်းတွေနှင့် ကားမိုင်း ဗျူဟာကုန်းနေရာတွေကို အဓိက လုံခြုံရေး အကာအကွယ်ယူပေးနေသည့် တပ်စခန်းနေရာတစ်ခု ဖြစ်ကြောင်း ဒေသခံစစ်ရေးကျွမ်းကျင်သူများက ပြောသည်။

အခုလို နာ့ဟိုင်စစ်စခန်းတစ်ခုလုံး ကားမိုင်းဗျူဟာဘက်ကို ပြန်ဆုတ်ခွာသွားတာက ကားမိုင်းရှိ ပြည်သူ့စစ် တပ်စခန်းနှင့် စစ်ကောင်စီတပ်စခန်း ၂ နေရာတွင် စစ်အင်အားနည်းလာတဲ့အတွက် ပြန်လည်ခေါ်ယူလိုက်တာ ဖြစ်နိုင်တယ်လို့ ၎င်းတို့က သုံးသပ်ပြောဆိုသည်။

စစ်အာဏာမသိမ်းခင်ကလည်း အဆိုပါနာ့ဟိုင်တပ်စခန်းကို KIA က သွားရောက်ပစ်ခတ်မှု ရှိခဲ့သလို စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း KIA က ၃ ကြိမ် ထက်မနည်း သွားရောက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံများက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ ဖားကန့်မြို့အဝင်ရှိ လယ်ပြင်စစ်ကောင်စီ စစ်ဆေးရေး ဂိတ်စခန်းတစ်ခုလည်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီဘက်မှ ထိုစစ်ဆေးရေးဂိတ်ကနေ ရုတ်သိမ်း စွန့်ခွာသွားခဲ့ကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here