တိန်ညိုစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးတကြီးလိုအပ်နေ

0
248
ပုံစာ - တိန်ညိုစစ်ဘေးရှောင်စခန်းနှင့် စစ်ရှောင်ဒေသခံတချို့

မိုခါဆိုက်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေးရှောင်စခန်းတွင် နေအိမ်အားလုံး ပျက်စီးခဲ့တာကြောင့် စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်လျှက်ရှိနေကြသည်ဟု သိရသည်။

တိန်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂၈၆၅ ဦး ရှိပြီး လက်ရှိတွင် အလှူရှင်များ လာရောက်လှူဒါန်းမှု အလွန်တရာ နည်းပါးသောကြောင့် စစ်ဘေးရှောင်များ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုသည်။

တိန်ညိုစစ်ဘေးရှောင်စခန်းရှိ မိခင်တစ်ဦးက “စားနပ်ရိက္ခာတွေလည်း အခက်အခဲရှိသလို နေဖို့ထိုင်ဖို့လည်း အရမ်းအခက်အခဲ ဖြစ်နေတယ်။ ညဖက်တွေဆို မိုးရွာလို့ အိပ်စရာနေရာ မရှိဘူး။ လတ်တလော နေထိုင်ဖို့ လုပ်ထားတဲ့ နေရာကလည်း မလုံတော့ မိုးကအပေါ်က ယိုလိုက်၊ ဘေးကနေ မိုးဖွေးတွေ ဝင်လာလိုက်နဲ့ မအိပ်ရဘူး။ ကလေးတွေကိုဆိုရင် ကြည့်ပြီးတော့ ရင်ကွဲတယ်” ဟု ပြောသည်။

ယခင်က စစ်ဘေးရှောင်များကို နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အဖွဲ့က အဓိက ကူညီထောက်ပံ့ နေသော်လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်ပြီး ICRC ၏ တာဝန်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လွှဲပြောင်းရယူပြီး ကူညီထောက်ပံ့နေသည်ဟု စစ်ဘေးရှောင်များ၏ ပြောဆိုသည်။

ပုံစာ – တိန်ညိုစစ်ဘေးရှောင်စခန်းနှင့် စစ်ရှောင်ဒေသခံတချို့

ထို့ကြောင့် ယခင်ကဲ့သို့ သောက်သုံးရေ ၊ဆန်၊ အမိုးအကာများ စသည့် ကူညီထောက်ပံ့မှုများ မရရှိတော့ဘဲ WFP က ပေးသည့် ငွေကျပ် ၂၁၀၀၀ ဖြင့်သာ ရုန်းကန်ရပ်တည်နေရသည့် အနေအထားတွင် မုန်တိုင်းဒဏ်ပါ ခံလိုက်ရသောကြောင့် ပိုမိုဒုက္ခရောက်ရသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

“ကျနော်တို့ ပုံမှန်အထောက်အပံ့ ရတာက WFP က ငွေတခုတည်းကပါ။ အရင်လို ICRC ထံကလည်း လာထောက်ပံ့တာမျိုး မရှိတော့ အကျပ်အတည်း ဖြစ်သွားတာပေါ့။ ဒါကြောင့် အပြင်မှာ အလုပ်တွေ ထွက်လုပ်ပြီး ရတဲ့ငွေတွေနဲ့ WFP ကပေးတဲ့ငွေနဲ့ပေါင်းပြီး ရပ်တည်နေခဲ့ရတာပါ။ ဒီကြားထဲ မုန်တိုင်း ဝင်ချလိုက်တော့ အကုန်လုံး ဖရိုဖရဲ ဖြစ်ကုန်ရော။ အရင်ဆို နေမယ့်နေရာတခု မရှိရင်တောင် စားဖို့သောက်ဖို့ ရှာကြံလို့ ရသေးတယ်။ အခုနေမယ့်နေရာလည်းမရှိ အစားအသောက်ကလည်း မဝလင် အကုန်လုံး လိုအပ်ချက်တွေ ရှိနေကြတယ်” ဟု ၄င်းက ပြောသည်။

အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်နေသည့်အတွက် ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များ အနေဖြင့် ဝိုင်းဝန်ကူညီပေးကြရန်နှင့် သက်ဆိုင်ရာ အာဏာပိုင်များကလည်း လျစ်လျူရှုမထားရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ” ကျမတို့ကို အတတ်နိုင်ဆုံး ကူညီပေးကြပါ။ ကျမတို့က စစ်ဒဏ်ကိုလည်း ခံစားခဲ့ရပြီးပါပြီ။ မိုးရာသီကို ဒီလိုအခြေအနေမျိုးနဲ့ဖြတ်ကျော်ဖို့က ကျမတို့အတွက် အရမ်းခက်ခဲလွန်းပါတယ်။ အစိုးရအနေနဲ့လည်း ကျမတို့ကို ပစ်မထားပါနဲ့။ သတင်းတွေကြားမိသလောက် အလှူရှင်တွေရှိပေမယ့် အစိုးရက ခွင့်မပြုလို့ မလှူရဘူးလို့ ကြားမိတယ်။ စစ်ပွဲကာလတုန်းက လိုအပ်ချက်အရ အဖွဲ့အစည်းတွေကို ဝင်ခွင့်မပြုခဲ့ဘူး ဆိုရင်တောင် အခုလို သဘာဝဘေးဒုက္ခကို အကုန်လုံး ခံထားရတဲ့အခြေနေမှာ ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

တိန်ညိုစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့၏ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဝေသာလီ၊ အောက်သကန်၊ ဘူးရွက်မညိုး၊ ပေါက်ပြင်ကွင်း၊ ခူလှိုင် ၊ ပြိုင်းတောင်၊ လက်က္ကာ၊ နှမဒါ စသည့် ကျေးရွာများမှ ဒေသခံများ ခိုလှုံနေကြခြင်း ဖြစ်သည်။

နိရဉ္စရာ -ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here