တရုတ်အာဏာပိုင်များက ညီနောင်မဟာမိတ်တပ် ထိန်းချုပ်သည့် နယ်စပ်ဂိတ်များကို သွင်းကုန်ပိတ်ထားဆဲဖြစ်

0
126
Photo – Shan News

တရုတ်အာဏာပိုင်များက စစ်ကောင်စီဘက်တွင် ပေါ်ပေါ်ထင်ထင်ရပ်တည်လာပြီးနောက် ညီနောင်မဟာမိတ်တပ် ထိန်းချုပ်သည့် မြန်မာ – တရုတ် နယ်စပ်ဂိတ်များတွင် သွင်းကုန်များ ပိတ်ထားနေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။

မြန်မာ – တရုတ် နယ်စပ်တလျှောက်ရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တရုတ်ဘက်သို့ ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများသာ တင်ပို့နိုင်ပြီး စားသောက်ကုန်များကို ပြန်လည်တင်သွင်းခွင့်မရှိဘဲ ပိတ်ထားနေသေးကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။​

နိုဝင်ဘာလ တတိယပတ်မှစတင်ပြီး မြန်မာ – တရုတ် နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ပူးပေါင်း ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ကျင်းစန်းကျော့ဂိတ်၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်သည့် ပန်ဆိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်တို့တွင် ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများ တင်ပို့နိုင်ရန်သာ တရုတ်ဘက်မှ ဖွင့်လှစ်ပေး ခဲ့သည်။

“ပန်ဆိုင်း ကျင်စန်းကျော့က ကြံနဲ့ ပြောင်းတင်ဖို့ ဖွင့်ပေးနေပြီ။ ဒီဘက်ကို ဘာမှတော့ သယ်ထုတ်လို့ မရဘူး။ ပြောင်းကား တစ်ရက်ကို အစီး (၅၀) ကျော် ဝင်တယ်။ ကြံကား များတော့ သေချာမသိရဘူး။ ပြောင်းဖူးကတော့ ပါမစ်သက်တမ်း အဟောင်းကျန်တဲ့လူ ဝင်လို့ရတယ်။ ပါမစ်ကုန်တဲ့လူတွေ အသစ်တွေ ဝင်လို့မရဘူး” ဟု ပန်ဆိုင်းဒေသခံကုန်သည်တစ်ဦးက ပြောဆိုသည်။

ယခုနှစ်တွင် တရုတ်ကုမ္ပဏီများဘက်မှ ကြံတစ်တန်ကို (၃၇၀) ယွမ် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၂ သိန်းကျော်) ဖြင့် ဝယ်ယူနေပြီး ပြောင်းတစ်တန်ကို (၁၅၆၀) ယွမ် (မြန်မာကျပ်ငွေ ၉ သိန်းကျော်) ပေးကာ ပါမစ်ဖြင့် ဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် မူဆယ်မြို့နယ် ကျင်းစန်းကျော့ဂိတ်သို့ သွားရောက်တင်ပို့သည့် ပြောင်းကားတစ်စီးလျှင် ဖြတ်သန်းခနှင့် အထွေထွေစရိတ်များအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့ထံ တရုတ်ယွမ်ငွေ ၂၅၀၀ (မြန်မာကျပ်ငွေ ၁၅ သိန်းခန့်) ပေးဆောင်ရကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောသည်။

“ကျင်းစန်းကျော့မှာ ပြောင်းကားတစ်စီးကို မဟာမိတ် (၃ ) ဖွဲ့ဆီ ယွမ်ငွေ (၂၅၀၀) အခွန်ပေးရတယ်။ ပြောင်း ပါမစ်က တရုတ်ဘက် တန်ချိန် ၁ သိန်း အဲ့လိုယူတဲ့ တားဂတ်ရှိတယ်။ အဲ့တာပြည့်သွားရင် ဂိတ်ပိတ် လိုက်ပြီ၊ ကျင်းစန်းကျော့ဂိတ် ပိတ်ပြီး မုံးကိုးဂိတ်မှာ ပြန်ဝင်မှာ အဲ့လို။ မုံးကိုးဘက် ပြည့်ရင် ကျင်းစန်းကျော့မှာ ပြန်သွင်းမယ် အလှည့်ကျ”ဟု ဉင်းကုန်သည် အမျိုးသားက ဆက်ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အာဏာပိုင်များက ညီနောင်မဟာမိတ်တပ်များနှင့် ဆွေးနွေးပြီး တရုတ်ဘက်သို့ ပြောင်းနှင့် ကြံကဲ့သို့ စက်မှုကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရန် နယ်စပ်ဂိတ်များ တဘက်သတ် ပြန်ဖွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောကြသည်။

အခြားတဘက်တွင် တရုတ်နိုင်ငံသည် စစ်ကောင်စီဘက်မှ ပေါ်ပေါ်ထင်ထင် ရပ်တည်ပြပြီးနောက် ညီနောင် မဟာမိတ်များ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များတွင် မည်သည့်ကုန်ပစ္စည်းကိုမျှ တင်သွင်းခွင့်မပြုဘဲ ပိတ်ထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

“ပြောရင်တော့ တရားမျှတမှု မရှိဘူးပေါ့၊ နယ်စပ်ကလူတွေကို ဖိနှိပ်ထားတာ။ အခု ကုန်အဝင် ဘာမှမရှိဘူး။ ကြာကြာပိတ်ထားရင်တော့ ဘာမှစားစရာ မရှိတော့ဘူး။ ကျယ်ခေါင်ကပေးသယ်တာလည်း ဆိုင်ကယ်နဲ့ နည်းနည်းချင်းစီပဲ ရတယ်။ ကားနဲ့ အစီးလိုက် သယ်လို့မရဘူး။ ရေရှည်ပိတ်ထားရင်တော့ စားဝတ်နေရေး ခက်ခဲပြီး ပြည်သူပဲ ဒုက္ခရောက်တယ်” ဟု မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များက ဆက်လက်ပိတ်ထားပြီး တရုတ်အစိုးရနှင့် စစ်ကောင်စီ ညှိနှိုင်း၍ တည်ငြိမ်မှုရှိမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ယူနန်ပြည်နယ် အာဏာပိုင်များက စစ်ကောင်စီ လဝကဝန်ကြီး ဦးဝင်းကြိုင်ကို ကတိပေးကြောင်း နိုဝင်ဘာလ (၂၁) ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆက်လက်ဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ်က နိုဝင်ဘာလ ၆ ရက်တွင် ပြောဆိုခဲ့ကြောင်း စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here