တရုတ်လုပ်ငန်းရှင်များ ရွှေအလွန်အကျွံတူးဖော်လို့ တနိုင်းဒေသ စားကျက်မြေများပျက်စီး

0
333
Photo - MNG

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့အတွင်း တရုတ်လုပ်ငန်းရှင်များက ရွှေအလွန်အကျွံ တူးဖော်နေမှုကြောင့် ဒေသခံများ အားထားနေရသည့် မြေဧက အများအပြား ပျက်စီးကုန်ပြီး တောနေတိရိစ္ဆာန်များအတွက်လည်း စားကျက်မြေနေရာများ အခက်တွေ့လာကြောင်း သိရသည်။

တရုတ်လုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်နေသော နေရာသည် လူသူမရောက်သေးသော တောနယ်မြေဖြစ်ပြီး ဒေသခံရွာသားများ၏ ဝမ်းစာအတွက် အဓိက ရှာဖွေလုပ်ကိုင် စားသောက်ရသည့်နေရာများနှင့် မြစ်ချောင်းများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သရုန်ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ဒေသခံတွေအတွက်ကတော့ လုပ်ကိုင်စားသောက်ရမယ့် စားကျက် နယ်မြေတွေ ကျဉ်းသွားတာပေါ့။ ရွှေလုပ်ကွက် နေရာတွေကိုတော့လည်း လုပ်ငန်းရှင်တွေက သူတို့နေရာ သူတို့အပိုင် ဆိုပြီး လုပ်ကိုင်နေကြတယ်ဆိုတော့ နဂိုက အသက်မွေးဝမ်းကြောင်း ဖြစ်တဲ့ မူလ အရင်းအမြစ်ဖြစ်တဲ့ ငါးရှာတယ်၊ တောကောင် တောရိုင်း တိရိစ္ဆာန်တွေ ရှာတာတို့၊ ပြီးတော့ ဆေးမြစ် သဘာ၀တိုင်းရင်းဆေးအမြစ်တို့ ဘာတို့ ရှာတဲ့လုပ်ငန်းတွေက သူတို့အတွက်က အခွင့်အလှမ်းတွေ ပိတ်သွားတော့တာပေါ့။ ဝမ်းရှာအတွက် လုပ်ကိုင်စားသောက်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးသွားတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရွှေအလွန်အကျွံ တူးဖော်နေသော ဆပ်ဆိုင်ချောင်း(sapsai hka)၊ ရှိန်နှိပ်ချောင်း (shingnip Hka) နှင့် အင်ဖော်ချောင်း (Nhpraw Hka) တို့သည် သရုန်ချောင်း (Tarung Hka)၌ မြစ်ဆုံပြီး ရွာသားများက ၎င်းမြစ်ချောင်းများထဲတွင် ငါး၊ ဖား၊ လိပ် ရှာခြင်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားသောက် နေကြရသည်ဟု ဒေသခံများက ပြောသည်။

တရုတ်လုပ်ငန်းရှင်များ အဓိက ဝင်ရောက်လုပ်ကိုင်နေသော နေရာသည် ရှင်ဗွေယန်မြို့၏ သရုန်ကျေးရွာပိုင်နက် နယ်မြေဖြစ်ပြီး ရွှေတူးဖော် လုပ်ကိုင်လာသောကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နယ်မြေမှာလည်း ခန့်မှန်း ဧက (၄၀၀) ထက်မနည်း ရှိနေနိုင်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယခုကဲ့သို့ တရုတ်လုပ်ငန်းရှင်များက ရွှေတူးဖော်နေများမှုကြောင့် တောနေ၊ ရေနေ တိရိစ္ဆာန်များ၏ စားကျက်နယ်မြေ ပျက်စီးလာပြီး ဒေသခံများအတွက် လုပ်ကိုင်စားသောက်ရေး အခက်တွေ့လာကြောင်း ၎င်းတို့က ဆက်ပြောသည်။

ရှင်ဖွေယန်မြို့ခံတစ်ဦးက “သူတို့အတွက်က အဓိက စီးပွားရေးက ဒီတစ်ခုပဲ။ သူတို့ဦးတည်ထားတာ ဒီတစ်ခုပဲ အခြေခံ ထားတာလေ။ ဆိုတော့ တခြားလည်း သူတို့ဆီမှာက အသက်မွေးဝမ်းကြောင်း အတတ်ပညာတွေ မရှိတဲ့အခါကြတော့ နဂို လုပ်တတ်တဲ့ အလုပ်တွေကိုပဲ လုပ်စားကိုင်စား လာတဲ့အခါ စားကျက်နယ်မြေ မရှိတဲ့အတွက်ကြောင့် လုပ်ငန်းက မရှိတော့ဘူး။ အဲ့တော့ သူများရဲ့ နေ့စားအလုပ်တွေ လုပ်ကိုင်ရတယ်။ သူများခိုင်းတဲ့ အလုပ်၊ သူများဆီမှာ အလုပ်သမားဝင်လုပ်ရတဲ့ အခြေအနေ ရောက်သွားတာပေါ့” ဟု ပြောသည်။

ရှင်ဖွေယန်မြို့နယ် အတွင်းရှိ ဒေသခံအများစုသည် အခြေခံ စားဝတ်နေရေးအတွက် တောတောင်ရေမြေထဲ၌ ငါးရှာ၊ ဖားရှာ၊ မျှစ်ရှာ၊ ဆေးမြစ်ရှာခြင်းနှင့် တောင်ယာခုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရာတွင် အဆိုပါ မြေနေရာများတွင် ရွှေတူးဖော်ရေး လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ အခက်တွေ့လာကြခြင်း ဖြစ်သည်။

ရွှေတူးဖော်မှုလုပ်ငန်းကို စက်ယန္တယားကြီးများနှင့် ၂၀၂၀ ခုနှစ်မှ စတင်စမ်းသပ် တူးဖော်လာကြပြီး ၂၀၂၁ ခုနှစ်မှ ယနေ့အချိန် အထိ ပိုမို တွင်ကျယ်စွာ လုပ်ကိုင်လာသည်ဟု ဒေသခံများက ပြောသည်။

ရွှေတူးဖော်မှု စီမံကိန်းကြီး စတင်ဝင်ရောက်လာချိန်တွင် ဒေသခံများနှင့် ရပ်မိရပ်ဖများ စုပေါင်းပြီး ရုန်ချောင်းသို့ စီးဝင်သော ဆပ်ဆိုင်ချောင်း (sapsai hka)၊ ရှိန်နှိပ်ချောင်း (shingnip Hka) နှင့် အင်ဖော်ချောင်း (Nhpraw Hka) တို့၏ မြစ်ဖျားပိုင်း၌ တရုတ်လုပ်ငန်းရှင်များ စက်ယန္တယားကြီးများနှင့် ဝင်ရောက် တူးဖော်လာသည်ကို တား မြစ်ပေးရန်နှင့် လုပ်ငန်းရှင်များ ထပ်မံ မဝင်လာနိုင်အောင် တားမြစ်ပေးရေး အကြိမ်ကြိမ်ပြောဆို ကန့်ကွက်ခဲ့ သော်လည်း အရာမရောက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here