တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားရခြင်းက စစ်ကောင်စီ အဓိကတရားခံဟု NUG ပြောဆို

0
290

တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာစေသည့် အဓိကတရားခံသည် စစ်ကောင်စီ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “မြန်မာနိုင်ငံတဝှမ်းလုံး တည်ငြိမ်အေးချမ်းမှုနဲ့ တရုတ်-မြန်မာ နယ်စပ် စစ်ပွဲများ ရပ်တန့်နိုင်ဖို့ စစ်ကောင်စီသာ အဓိက ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ စစ်တပ် နိုင်ငံရေးမှထွက်ရေး အာဏာရှင်စနစ်ဖြုတ်သိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ အာဏာသိမ်းမင်းအောင်လှိုင်နဲ့ စစ်အုပ်စု အပေါင်းအပါများက လက်ခံလျှင် ဒီနေ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ အမြန်ရပ်ဆိုင်းသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၃၅ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိုက်ပွဲများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ စစ်တပ်က နိုင်ငံရေးက မထွက်သည့်အပြင် တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို လက်မခံဘဲ ငြင်းပယ်သောကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်တကြောတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

လက်ရှိ ဖြစ်ပွားနေသည့် တရုတ်-မြန်မာနယ်စပ်က တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်ဟု NUG ယာယီသမ္မတ က ပြောသည်။

“စစ်ကောင်စီက လိုင်ဇာကို ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ တရုတ်ဖက်အခြမ်းကို စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာရှိလို့ တရုတ်အရပ်သားအချို့ သေဆုံးတာ တွေ့ရှိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ ထိုးစစ်တွေ ရပ်တန့်မသွားသရွေ့ တရုတ်နိုင်ငံရဲ့ နယ်စပ်လုံခြုရေးကိုလည်း အားလျော့စေတာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါသည်။

တရုတ်နယ်စပ်က တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုများ ရှိလာသည့်အတွက် နယ်စပ် လုံခြုံရေးကိစ္စများကို တရုတ်အစိုးနဲ့ သံခင်းတမန်ခင်း ပြောဆိုဆက်ဆံမှုများ အထူးအလေးထား ဆွေးနွေး ပြောဆိုကြရန် လိုအပ်မည်ဟုလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် တရုတ်-မြန်မာနယ်စပ်ရှိ KIO/KIA ဌာနချုပ်ကို နိုဝင်ဘာလဆန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းသို့ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသား ၁ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု လိုင်ဇာ ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်တစ်ကြောတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွား လာခဲ့သည်။

ထိုသို့ ဖြစ်ပွားလာရာမှ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရက္ခိုင်တပ်တော် AA တို့က “၁၀၂၇ စစ်ဆင်ရေး” ကို စတင်သည်ဟု ကြေညာလိုက်သည်နှင့် တပြိုက်နက်တည်း တရုတ်-မြန်မာ နယ်စပ်တစ်ကြောတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here