တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ

0
326
ပုံစာ- တနင်္သာရီတော်လှန်ရေးအင်အားစုများ (Photo-Tanintharyi PDF)

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို နိုဝင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့မှာ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတော်လှန်ရေးအင်အားစုများက ပြောသည်။

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းကို နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် တော်လှန်ရေးအင်အားစု ဘက်က ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာခံဗိုလ် ၁ ဦး အပါအဝင် ၃ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

နိုဝင်ဘာ ၉ ရက်နေ့ မနက် ၁၁ နာရီခန့်တွင်လည်း ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် (၅၅၆) ခြေမြန်တပ်ရင်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒရုန်း (မောင်းသူမဲ့လေယာဉ်ငယ်)နှင့် ဗုံးသီး ၃ လုံး ကြဲပြီး တိုက်ခိုက်ခဲ့သည်။

ဒရုန်း (မောင်းသူမဲ့လေယာဉ်) နှင့် ဗုံးကြဲချ တိုက်ခိုက်မှုအတွင်း ဗုံးသီးများ စစ်ကောင်စီတပ်ဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု တနင်္သာရီပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒေသခံပြည်သူများနေထိုင်သည့် ကျေးရွာများထဲသို့ လက်နက်ကြီးများ ရမ်းပစ်ခတ်မှုများ ရှိခဲ့သော်လည်း အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ဆင်ရေး အရှိန်မြှင့်တင်မှာ ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီယာဉ်တန်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်ဆေးရေးဂိတ်များအနီး နေထိုင်သွားလာခြင်းများ ရှောင်ရှားပေးကြဖို့ မေတ္တာရပ်ခံထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here