တနင်္သာရီတွင် စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး

0
319

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အလစ်ငိုက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားကြောင်း တနင်္သာရီ (ပကဖ) တာဝန်ရှိသူများက ပြောပါသည်။

တပ်အင်အား ၄၀ နီးပါး တပ်စွဲနေထိုင်သနေသည့် စစ်ကောင်စီတပ်ကို ဇွန် ၆ ရက် နေ့လည် ၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ စစ်ကြောင်းများက အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်းတနင်္သာရီ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

တိုက်ပွဲကြောင့် ချောင်းညီကို၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ရမ်းဖို ကျေးရွာများက ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလစ်ငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ဇွန် ၇ ရက် နံနက်ပိုင်းအထိ ဘုန်းကြီးကျောင်းတွင် ဆက်လက်တပ်စွဲပြီး ရွာများဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ KTLA-TCJF ၊ တနင်္သာရီ ရိုးမပူးပေါင်းအဖွဲ့၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ SWDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး နယ်မြေအချို့ကိုလည်း စစ်ကောင်စီဘက်က လက်လွှတ်ထားရကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here