တနင်္သာရီတိုင်းတွင် စစ်ရှောင်ဒုက္ခသည် ၆၅၀၀၀ ကျော်အထိတိုးလာ

0
133
ပုံစာ - တနင်္သာရီစစ်ဘေးရှောင်တချို့ (Photo - ဒေါနတနင်္သာရီ)

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းနှင့်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ခြောက်သောင်းခွဲကျော်အထိ ရှိလာသည်ဟု ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ၏ အစီရင်ခံစာအရ သိရသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ ပွင့်လင်းရာသီတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း ရက်ရှည် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တပ်ကြား ထိတွေ့တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ပိုများလာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းက မြို့နယ်များမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသည့် အရပ်သားပြည်သူ ၂၅၉၀၀ ကျော်ရှိပြီး လောင်းလုံးမြို့တစ်ခုတည်းမှာပင် စစ်ကောင်စီ၏ ရက်ရှည်စစ်ကြောင်းထိုးမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၀,၀၀၀ နီးပါးရှိသည်ဟု ဆိုသည်။

မြိတ်ခရိုင်အတွင်းက မြို့နယ်များမှ ဒေသခံပြည်သူများသည်လည်း စစ်ကောင်စီ၏ ရက်ရှည် စစ်ကြောင်းထိုးဝင်ရောက်မှုနှင့်အတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုပါ စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ၃၉,၄၀၀ ကျော်ရှိကြောင်း FE5 Thanintharyi ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုစစ်ရှောင်များထဲမှ ပုလောစစ်ရှောင်စခန်းတွင် နေထိုင်သူ ၃၀၀၀ ဝန်းကျင်ရှိပြီး ကျန်စစ်ဘေးရှောင်များသည် ၎င်းတို့နှင့်နီးစပ်ရာ တောတောင်နှင့် ဥယျာဉ်ခြံတို့တွင် အဆင်ပြေသလို ကိုယ့်နည်းကိုယ်ဟန်နှင့် တိမ်းရှောင် နေကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့်လအတွင်း ထားဝယ်မြို့နှင့် ပုလောမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက ပြန်လည်စစ်ကြောင်းထိုးလာတာကြောင့် နေရပ်ပြန်လည်ဝင်ရောက်နေထိုင်ကြသူများပါ ထပ်မံစစ်ဘေးရှောင်ခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

ကော့သောင်းခရိုင်တွင်လည်း စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သားပြည်သူများကို ဖမ်းဆီးနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၅၀၀ ဝန်းကျင် ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့တပ်စခန်းတစ်ခုခု တိုက်ခိုက်ခံရပါက အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုနှင့်အတူ စစ်ကြောင်းထိုးဝင်ရောက် နေတာကြောင့် စစ်ဘေးရှောင်ဦးရေ လျော့ကျမလာဘဲ အရင်ကထက် များပြားလာခြင်းလည်း ဖြစ်သည်။

တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အရေအတွက်သည် ကိန်းသေမရှိဘဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ တိုက်ပွဲဖြစ်ပွားသည့် အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲအမြဲရှိနေသည်ဟု FE5 Thanintharyi ၏ အစီရင်ခံစာတွင် ပါရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုနှင်အတူ နေအိမ်မီးရှို့ဖျက်ဆီးမှုတို့ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၆၀,၀၀၀ ကျော်အထိ ရှိလာခဲ့သည်ဟု ဆိုထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here