တနင်္သာရီတိုင်းတွင် စက်တင်ဘာတစ်လအတွင်း PDF ရဲဘော် ဆယ်နှင့်ချီကျဆုံးခဲ့

0
344
ပုံစာ- စက်တင်ဘာတစ်လအတွင်း PDF ရဲဘော် ဆယ်နှင့်ချီကျဆုံး။(Photo-social media)

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာတစ်လအတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ PDF ရဲဘော် ဆယ်နှင့်ချီ ကျဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်များအရ သိရသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ပိုများပြားခဲ့တာ ဖြစ်သည်။

ဒေသအခြေစိုက် တနင်္သာရီတိုင်းမ်သတင်းဌာန၏ ဖော်ပြချက်အရ စက်တင်ဘာလအတွင်း PDF ရဲဘော် ၁၆ ဦး ကျဆုံး၍ ဒဏ်ရာရသူ ၅ ဦးရှိခဲ့ပြီး စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၆၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက PDF ရဲဘော်များသည် နှစ်ဖက်တိုက်ပွဲများနှင့် စခန်းများ စီးနင်းခံရသည့် ဖြစ်စဉ်များအပြင် စစ်ဆင်ရေးသွားစဉ် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းကြောင့် ကျဆုံးရခြင်း ဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် နှစ်ဖက်တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း မလုံလောက်ခြင်း၊ စစ်တပ်ဘက်က ဗျူဟာပြောင်းပြီး ပြောက်ကျားစနစ်သုံးကာ အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်မှုများကြောင့် ကျဆုံးမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တဖက်တွင်လည်း PDF တပ်ဖွဲ့ဝင်များသည် တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း မလုံလောက်မှုပြဿနာများနှင့် ရင်ဆိုင်နေရပြီး တပ်ဖွဲ့အချင်းချင်း ပူးဆောင်ရွက်မှု အားနည်းနေသည့် အခြေအနေနှင့် ကြုံနေရကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းငယ်များနှင့် ယာယီစခန်း ၃ ခု စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here