တနင်္သာရီတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းနှင့် အပြင်းအထန်ခုခံ

0
104
Photo - Social Media

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် နှစ်ဖက်တပ်ကြားတိုက်ပွဲများ ပြန်လည်ပြင်းထန်လာချိန်အတွင်း စစ်ကောင်စီဘက်က လေကြောင်းနှင့် အပြင်းအထန်ခုခံတိုက်ခိုက်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး တနင်္သာရီမြို့နယ် ထုံမခါကျေးရွာနှင့် သိန်းခွန်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က လေယာဉ်နှင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတာဝန်ခံ ကိုလရောင်က ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက်နေ့က ထုံမခါကျေးရွာရှိ ဒေသခံ နေအိမ် ခြောက်လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် နှစ်ဖက်တိုက်ပွဲများကြောင့် ရေဖြူ၊ ထုံမခါ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာများက ဒေသခံထောင်နှင့်ချီ စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

တနင်္သာရီ – မောတောင်ပြည်ထောင်စုလမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းလည်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here