တနင်္သာရီက ကျေးရွာနှစ်ရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

0
86
Photo - CJ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က တကူကျေးရွာနှင့် သံတိုက်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ဗုံးကြဲတိုက်ခိုက်သွားသည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီခန့်တွင် တကူကျေးရွာကို တစ်ကြိမ်၊ မနက် ၉ နာရီခွဲခန့်တွင် သံတိုက်ကျေးရွာထဲကို တစ်ကြိမ်၊ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ဆိုသည်။

ထိုသို့ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် တကူကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

သံတိုက်ကျေးရွာ ဗုံးကြဲခံရမှုတွင် ကုန်စိမ်းဈေးနှင့် စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဈေးလာကြသည့် အသက် ၂၀ ကနေ ၄၀ အကြား အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သည်ဟု မြိတ်ခရိုင် ပကဖတာဝန်ခံက ပြောပါသည်။

မြိတ်ခရိုင်ပကဖတာဝန်ခံက “စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုဟာ လူစည်ကားရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားတာ ဖြစ်တယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အဆိုပါကျေးရွာနှစ်ရွာသည် တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ် ထားသည့် ကျေးရွာများဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမရှိကြောင်း သိရသည်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းသွားလာသူ မရှိသလောက် နည်းပါးသွားပြီး ဒေသခံအများစုက ထပ်မံဗုံးကြဲခံရမည်ကို စိုးရိမ်ပူပန်မှုရှိကြောင်း ပြောဆိုကြသည်။

အလားတူ ဇန်နဝါရီ ၁၃ ရက်နေ့ တရက်တည်းမှာပင် စစ်ကောင်စီက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက်များရှိရာ ကျေးရွာနှစ်ရွာကို လေယာဉ်နှင့်ဗုံးကြဲသွားတာကြောင့် ဒေသခံပြည်သူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC ၏ လေ့လာတွေ့ရှိချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ၄၀၂၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၄၀၀ ကျော်နှင့် သေဆုံးသူ ၂၂၅၀ ကျော်အထိ ရှိလာခဲ့သည်ဟု ထုတ်ပြန်ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here