တနင်္သာရီ စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာ အကူအညီ လိုအပ်နေ

0
286

မိုးတွင်းကာလ ကျရောက်တော့မှာဖြစ်တာကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်များ နှင့် စစ်ရှောင်စခန်းများမှာ ထွက်ပြေးခိုလှုံနေရပါသည်။

စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မိုးထားတဲ့ယာယီတဲတွေ၏ အမိုးအကာများ ဟောင်းနွမ်းပျက် စီးလာတာကြောင့် မကြာမီကျရောက်တော့မည့် မိုးတွင်းကာလအတွက် နေရာထိုင်ခင်း အခက်အခဲ ဖြစ်နေကြရသည်။

ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့တာဝန်ရှိသူကတော့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေကြသည့် စစ်ရှောင်တွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် ပြည်သူတွေအနေနှင့် တတ်နိုင်ဘက်က ပါဝင်ကူညီပေးကြရန် တိုက်တွန်းထားသည်။

ထို့အပြင် စစ်ရှောင်ပြည်သူများဟာ မိုးတွင်းကာလအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်လိုအပ်လျက်ရှိကြောင်းလည်း သိရပါသည်။

တနင်္သာရီစစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တာကြောင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်တာထက် မိမိအစီစဉ်နှင့်တောတောင်ဥယျာဉ်ခြံတွေထဲတွင် နေထိုင်သည့် စစ်ရှောင်ဦးရေ ပိုမိုများပြားကြောင်းလည်း သိရပါသည်။

တနင်္သာရီတိုင်းထဲတွင် ထားဝယ်၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီမြို့နယ်တွေထဲမှာ စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော် ကျန်ရှိနေသေးပြီး ပုလောမြို့နယ်ထဲမှာ စစ်ဘေးရှောင်အများဆုံးရှိနေခြင်းဖြစ်သည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here