တစ်လေးလုံးစစ်ဆင်ရေးတိုက်ပွဲ ဆက်ဖြစ်ပွားနေလို့ လွိုင်ကော်ဒေသခံတွေကို မြို့ပေါ်ပြန်မလာသေးဖို့အသိပေး

0
255

ကရင်နီ (ကယား) ပြည်မှာ ဆင်နွဲနေသည့် တစ်လေးလုံး (၁၁.၁၁) စစ်ဆင်ရေးသည် လွိုင်ကော်မြို့ပေါ်၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံများ လွိုင်ကော်မြို့ပေါ်ကို ပြန်လာနေထိုင်ခြင်း မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုသည်။

မြို့သိမ်းစစ်ဆင်ရေးကာလ ဆင်နွှဲနေချိန်အတွင်း စစ်ကောင်စီက မြို့ကိုဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် မြို့တွင်း ကျန်ရစ်သည့် ဒေသခံတွေအနေဖြင့် လုံခြုံသည့်နေရာကို ရွေ့ပြောင်းနေထိုင်ကြရန်လည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“စစ်ကောင်စီကတော့ မြို့ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက်က အမျိုးမျိုး စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေရော စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေကိုရော တိုက်ခိုက်တာရှိတယ်။ အထူးသဖြင့် လက်နက်ကြီးတွေ အဆမတန်တိုက်ခိုက်တာတွေ လေယာဉ်နဲ့ နေ့ည တိုက်ခိုက်တာရှိတယ်။ လက်နက်ကြီး ဒဏ်တွေ လေကြောင်းတိုက်ခိုက်မှုတွေက ပြည်သူတွေကို ထိခိုက်နိုင်တယ်။ လွိုင်ကော်မြို့က စစ်မြေပြင် ဖြစ်သွားတဲ့အတွက် လတ်တလော နေထိုင်ရာမသင့်တဲ့ အခြေအနေမျိုးဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ လုံခြုံတဲ့ အခြားနေရာတွေမှာ ရွေ့ပြောင်းနေထိုင်တာမျိုး ပြုလုပ်သင့်တယ်ပေါ့နော” လို့ ၎င်းက ပြောဆိုသည်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ၅၄ တပ် အနီးတဝိုက်၊ ကြည်သာယာ၊ ဧက ၅၀၀၊ လောဓမ ရပ်ကွက်ဘက်မှာ ဒေသခံတချို့ နေထိုင်ဆဲ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးနှင့် ထိခိုက်မှုများပြားချိန်တွင် အရပ်သားရှိရာ နေရာတွေကို လက်နက်ကြီးနှင့် ပစ်ခတ်တာ၊ ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်လေ့ရှိတာကြောင့် စစ်ရေးအခြေအနေ ငြိမ်နေတုန်းမှာ တိမ်းရှောင်ကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဦးဗညားက ထပ်လောင်းတိုက်တွန်းပြောပါသည်။

ရှမ်းပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြသည့် လွိုင်ကော်စစ်ရှောင်အနေနှင့် မဖြစ်မနေ လွိုင်ကော်မြို့သို့ ပြန်လာပြီး စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများ ယူဆောင်လိုပါက IEC က စုဖွဲ့ထားသည့် ကော်မတီနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့ ဦးဗညားက ပြောဆိုသည်။

“အကယ်၍ မဖြစ်မနေ ပြန်လာချင်တယ်၊ ပစ္စည်းတချို့ နည်းနည်းပါးပါးပေါ့နော။ လုံခြုံတဲ့အခြေအနေ ရှိမရှိကို စုံစမ်းမေးမြန်းလို့ ရပါတယ်။ ကျနော်တို့ IEC ရဲ့ ပြည်ထဲရေးဌာနကနေ ကမကထ ပြုထားပြီးမှ ကရင်နီ အင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းဖွဲ့ထားတဲ့ မြို့ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ရှိပါတယ်။ လွိုင်ကော်မြို့ပေါ့နော၊ အဲ့ဒီမှာ သက်ဆိုင်ရာလူတွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီးတော့မှ ဖြစ်နိုင်ချေရှိတဲ့ ခွင့်ပြုချက်တွေကို ရယူပြီးတော့မှ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ စားနပ်ရိက္ခာတွေကို ခွင်ပြုချက်နဲ့အတူ အနည်းအကျဉ်းတော့ ဝင်ရောက်သယ်ယူလို့ရပါတယ်” လို့ ဦးဗညားက ပြောသည်။

မြို့ပြစစ်ဆင်ရေးဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့သည့် တစ်လေးလုံး (၁၁.၁၁) စစ်ဆင်ရေးဟာ ဇန်နဝါရီလ ၈ ရက်နေ့တွင် ၅၉ ရက်မြောက်နေ့ အထိ ရှိလာပြီဖြစ်သည်။ လက်ရှိတွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ရဲ့ထက်ဝက်ကျော်လောက်ကို ထိန်းချုပ်ထားပြီး စစ်ဆင်ရေးကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်တယ်လို့ KNDF က ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here