တကျော့ပြန်ရခိုင်စစ်ပွဲတွင် မြို့ပြနေပြည်သူများ နေရပ်စွန့်ခွာမှုများပြားလာ

0
363

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေသည် ရခိုင်ပြည်အတွင်းက မြို့ပြနေပြည်သူများမှာ နေရပ်စွန့်ခွာပြီး လုံခြုံရာဒေသများသို့ သွားရောက်တိမ်းရှောင်မှု များပြားလာနေသည်။

စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှု၊ မတရား ဖမ်းဆီးနေမှုများကြောင့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့ပေါ်က ဒေသခံအများစုမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်၍ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက မြို့ထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ မြို့ခံတချို့ ထိခိုက်သေဆုံးခဲ့တယ်။ အခုတော့ မြို့ခံအများစုလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်” ဟု မင်းပြားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ် ကျရောက်မှုကြောင့် မင်းပြားမြို့မှ ဒေသခံ ၆ ဦးထက်မနည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံနှင့် နေအိမ်အချို့ပျက်စီးသွားကာ မြို့ခံအများစုမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြသည်။

“ပေါက်တောမြို့မှာလို စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ လုပ်လာမှာကိုစိုးရိမ်လို့ တိမ်းရှောင်နေကြတာ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်က ပေါက်တောမြို့ရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဥ်၊ နေဗီများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပြနေဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ပြည်သူများအား ပစ်မှတ်ထားကာ တိုက်ခိုက်နေသည့်အပြင် ပိတ်မိနေသူများကိုလည်း ‘လူသားဒိုင်းကာ’ အဖြစ် ဖမ်းဆီးထားသည်ဟု ပေါက်တောမြို့မှ တိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

“ပေါက်တောမြို့နဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ မြို့အတွင်းမှာ ပိတ်မိပြီးကျန်ခဲ့တဲ့ တချို့အရပ်သားတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာတာကြောင့် နေရပ်ပြန်နိုင်ဖို့က မဖြစ်နိုင်သေးဘူး” ဟု သူက ပြောသည်။

လက်ရှိတွင် ပေါက်တောမြို့အတွင်း ပိတ်မိနေသည့် ဒေသခံ ၅၀၀ ကျော်ရှိပြီး စစ်ကောင်စီက ဖမ်းဆီးထားသည့် မြို့ခံ ၁၀၀ ထက် မနည်းရှိနိုင်ကြောင်း လတ်တလော စုံစမ်းချက်အရ သိရသည်။

စစ်ကောင်စီနှင့် AA တို့၏ ယခင်စစ်ရေးကာလက ကျေးလက်ဒေသများ၌သာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုတကျော့ပြန် စစ်ရေးကာလတွင် မြို့ပေါ်တိုက်ပွဲများထိ ရှိလာနေသည်။

ထို့ကြောင့် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် မြို့ပေါ်နေပြည်သူများမှာ လုံခြုံမည်ဟုထင်ရသော နေရာများသို့ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“ညအချိန်ဆိုရင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိတယ်။ မထင်ရင်မထင်သလို ဧည့်စာရင်း ဝင်စစ်တယ်။ အဲဒီလိုအခြေအနေကြောင့် လူဦးရေထက်ဝက်လောက်က ဘေးလွတ်ရာမှာ တိမ်းရှောင် နေကြတယ်” ဟု ပုဏ္ဏားကျွန်းမြို့မှ တိမ်းရှောင်နေသူအမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေမှာ တဖြည်းဖြည်း များပြားလာပြီး လတ်တလော ကောက်ယူထားသော စာရင်းအရ နေရပ်စွန့်ခွာသူ ၆ သောင်းနီးပါးထိ ရှိနေပြီ ဖြစ်သည်။

လက်ရှိမှာ ရခိုင်ဒေသအတွင်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာမှုကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် တိုက်ပွဲ တိမ်းရှောင်သူများမှာ လူသားချင်းစာနာမှုအကူအညီများ ရရှိရန် အခက်အခဲများရှိနေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here