ညောင်လေးပင်၊ နတ်သံကွင်းတွင် စပါးရိတ်သိမ်းရန် စစ်တပ်ဂိတ်စခန်းများအားအခကြေးငွေပေးသွားလာနေရ

0
358
ပုံစာ - နတ်သံကွင်းဒေသခံများစပါးရိတ်သိမ်းရန် စစ်တပ်ဂိတ်စခန်းများကိုအခကြေးငွေပေးပြီးသွားလာရ။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့ရှိ ဒေသခံများသည် မိမိတို့မြို့ရွာအတွင်း စိုက်ပျိုးထားသည့် စပါးခင်းများ ရိတ်သိမ်းရန် လိုအပ်သောစက်ပစ္စည်းများအား သယ်ဆောင်ဖြတ်သန်းရာတွင် လမ်းတလျှောက်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းများကို အခကြေးငွေပေးနေရကြောင်း ဒေသခံများက ပြောဆိုသည်။

နတ်သံကွင်းမြို့ အဝင်အထွက်ကို စစ်ကောင်စီက ယခင်ထက် ပိုမိုတင်းကြပ် စစ်ဆေးနေရာ ယခု လတ်တလောတွင်လည်း စပါးများ ရိတ်သိမ်းမည့် ဒေသခံတချို့ လိုအပ်သည့် စက်ပစ္စည်းများ သယ်ဆောင်မှု အတွက် စစ်တပ်ဂိတ်စခန်းများသို့ အကြောင်းကြားပြီးမှ ဖြတ်ခွင့်ရသလို အခကြေးငွေပါ ပေးနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောသည်။

“နတ်သံကွင်းသားတွေပါပဲ ရွာဘေးနားတင် သူတို့လယ်ရှိတာ၊ စပါးတွေက မှည့်နေပြီ၊ မိုးလေကင်းတဲ့ရက် ဆင်းရိတ်ဖို့ကို သူတို့ဆီ အကြောင်းကြားရသေးတယ်။ စပါးရိတ်တာ စက်တွေနဲ့ရိတ်တော့ သူများအသံ ကြားရတာဆိုတော့ စခန်းတွေ၊ ဂိတ်တွေကို စပါးသွားရိတ်ဖို့ အကြောင်းကြားရတယ်။ အဲဒီတော့ ပိုက်ဆံ တောင်းတာပဲ။ အခုက အသုဘပို့ဖို့တောင် ပိုက်ဆံပေးနေရတယ်” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် နတ်သံကွင်းမြို့အနီး တိုက်ပွဲနှင့်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က ယခုလို အစစ်အဆေးတင်းကြပ်မှုများနှင့် ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စပါးစိုက်ပျိုးရေး၊ ပဲစိုက်ပျိုးရေးနှင့် ခြံထွက်သီးနှံ စိုက်ပျိုးရေးကို အများဆုံးလုပ်ကိုင်ကြသည့် ညောင်လေးပင် ခရိုင်ရှိ ဒေသခံတောင်သူများမှာ ပဋိပက္ခကာလနောက်ပိုင်း ပိုးသတ်ဆေးနှင့် မြေဩဇာဈေး ကြီးမြင့်မှုကြောင့် စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည့်ကြားမှ အခုလို ငွေကြေးတောင်းခံမှုများပါ ရင်ဆိုင်နေရသည်ဟု နယ်ခံများက ပြောဆိုသည်။

“လက်ရှိကတော့ သွားတာလာတာ အတွက်လည်း ပေးရတယ်။ စပါးရိတ်ဖို့ စက်တွေဘာတွေသယ်တော့လည်း ပေးရတယ်။ အဲ့လိုမှ သွားလို့လာလို့ အဆင်ပြေတယ်။ ဒေသခံတွေ ကုန်တွေဘာတွေ သယ်တာဆိုရင်လည်း နည်းနည်းပါးပါးလောက်ကတော့ ပေးနေရတာပဲ” ဟု နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ထို့အပြင် ဒေသတွင်း တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်ရသည့် ကာလရှည်ကြာလာသည့် အပေါ်တွင် မိမိတို့စိုက်ခင်းများကို ကောင်းစွာကြည့်ရှု စောင့်ရှောက်နိုင်ခြင်း မရှိတော့ဘဲ စီးပွားရေး အကျပ်အတည်းနှင့် လူနေမှုဘဝရပ်တည်ရေး အဆင်မပြေ ဖြစ်လာကြောင်း နယ်ခံတောင်သူများ၏ ပြောဆိုမှုအရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့ အတွင်း စစ်ကောင်စီမှ မြို့အဝင်အထွက်သာမက တစ်အိမ်တက်တစ်အိမ်ဆင်း ဧည့်စာရင်းနှင့်ဖုန်းများ စစ်ဆေးခြင်း မြို့တွင်း ဈေးလာဝယ်သူများအား မသင်္ကာတွေ့ရှိပါက ဖမ်းဆီးထားခြင်းတို့ကို လက်ရှိအချိန်ထိ ဆက်တိုက်လုပ်ဆောင်ရာတွင် မသင်္ကာမူဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦး ထက်မနည်း ရှိလာကြောင်း KNU ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အလားတူ အောက်တိုဘာ ၁၀ ရက်နေ့က နတ်သံကွင်းမြို့အတွင်းသို့ ဈေးလာဝယ်သော လယ်ဝိုင်းကြီးရွာမှ ဒေသခံရွာသားတစ်ဦးအား သံသဃရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း လယ်ဝိုင်းကြီးရွာခံများထံမှ သိရသော်လည်း ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here