ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သော ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှောင့်နှေးနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
အဆိုပါကလေးများတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း (၃၀) မှ ဒေသခံပြည်သူ (၁) သောင်းကျော်၏ ကျောင်းနေအရွယ်ကလေးအများစုလည်းပါဝင်နေပြီး ယခုအချိန်ထိ စစ်ဘေးတိမ်းရှောင်နေရဆဲအခြေအနေများကြောင့် အတန်းပညာ ဆက်လက်သင်ကြားနိုင်ခြင်းမရှိကြောင်း ကျောက်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ကျမညီမလေးဆို ကိုဗစ်ဖြစ်ကတည်းက စစ်ဘေးရှောင်ရတာရော ဘာရောနဲ့ စာမသင်ရတာ သုံးနှစ်ရှိပြီ၊ အဲ့ဒီအချိန်ကတည်းက စစ်ဘေးရှောင်နေတဲ့ ကလေးတွေတော်တော်များများ ကျောင်းမတက်ရဘူး။ ကျောင်းတက်ချင်ရင်လည်း အစိုးရကျောင်းရှိတဲ့ နတ်သံကွင်းမြို့ဘက်မှာ သွားတက်ရတယ်။ ဒါပေမဲ့ အဲဒီကျောင်းကလည်း အခြေအနေမကောင်းရင် ပိတ်လိုက်၊ဖွင့်လိုက်နဲ့ဆိုတော့ ပညာရေးနှောင့်နှေးတယ်။ တိုက်ပွဲဖြစ်လိုက် စစ်ဘေးရှောင်ရင်း ပြေးလိုက်လွှားလိုက်ဆိုတော့ အခက်အခဲရှိတာပေါ့။ တချိူ့ကျတော့လည်း ဒီလိုမျိုးရှောင်နေရတော့ ကျောင်းမတက်ကြတော့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင် စစ်တပ်အာဏာမသိမ်းခင်က ကျောက်ကြီးမြို့နယ်တွင် ကော်သူးလေသင်ရိုး သင်ကြားသည့်ကျောင်းနှင့် အစိုးရကျောင်းသင်ရိုး သင်ကြားသည့် ကျောင်းများရှိသော်လည်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ဘေးတိမ်းရှောင်ရသည့်အခြေအနေများဖြစ်လာ၍ ကော်သူးလေ သင်ရိုးဖြင့် သင်ကြားသော ကျောင်းများ နည်းပါးသွားကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
ထို့အတူ CDM ဆရာ၊ဆရာမများနှင့် နယ်မြေခံဆရာ ဆရာမများက ရွာခံကလေးများ၊ စစ်ရှောင်ကလေးများကို အတန်းတူရာစုပေါင်း၍ တိုက်ပွဲနှင့်အလှမ်းဝေးသောရွာများတွင် ကော်သူးလေသင်ရိုးဖြင့် သင်ကြားပေးနေသည်များရှိသော်လည်း တိုက်ပွဲဖြင့်နီးပါက ကျောင်းပိတ်၍ တိမ်းရှောင်ရကြောင်း အခြားဒေသခံတစ်ဦးက ယခုလိုပြောသည်။
အဆိုပါဒေသခံက “အဓိက က မူလတန်း၊အလယ်တန်းပေါ့ ရွာနှစ်ရွာ၊ သုံးရွာစုပြီး ဆရာမတွေက စာသင်ကြတယ်။ သင်ထောက်ကူပစ္စည်းတွေအတွက်ကတော့ အလှူခံလို့ရတာနဲ့ စီစဥ်ပေးတယ်။ ဆရာမတွေက လစာရတာလည်း မဟုတ်ပါဘူး။ ကျောင်းပြီးတော့မှ ကျောင်းသားမိဘတွေက စုပြီးကန်တော့တာပဲရှိတာ။ တိုက်ပွဲနဲ့ဝေးတဲ့နေရာမှာ သင်တာပေါ့ တိုက်ပွဲနီးလာမယ်ကြံရင် ကျောင်းပိတ်ပြီးပြေးရတယ်။ အဲဒီရွာတွေနားမှာလည်း အခြေအနေကောင်းလှတယ်ရယ်မှ မဟုတ်တာ။” ဟု ၎င်းက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၄) ရက်နေ့အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျီးပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ကျည်စု အစရှိသော ကျေးရွာများသို့ စစ်ကောင်စီမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အဆိုပါကျေးရွာများရှိ ဒေသခံ (၃) ထောင်ကျော် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများထောက်ပံ့ပေးရန် လိုအပ်လျက်ရှိကြောင်း ကေအဲန်ယူဗဟိုက မတ်လ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။