ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်ကျေးရွာကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

0
138

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီးရှိ ရွာခံပြည်သူများ စစ်ဘေးရှောင်နေကြရသည့် လွယ်လုံကျေးရွာကို ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည်ဟု အနီးဝန်းကျင်ကျေးရွာအချို့မှ ဒေသခံများက ပြောသည်။

ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသောကြောင့် လူသူကင်းမဲ့နေသည့် လွယ်လုံကျေးရွာအား ဩဂုတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNA တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

ယင်းဖြစ်စဉ်ကိုသိရှိသူ အနီးနားကျေးရွာနေ ဒေသခံတစ်ဦးက “အဲ့ရွာက လူမရှိတာကြာပြီ။ PNO တွေ တပ်စွဲထားတာလေ။ အခု သူတို့ မီးရှို့ပြီဆိုတော့ တပ်ပြန်ရွှေ့ပြီထင်တယ်။ အိမ်တွေ ဘယ်လောက်လောင်လဲ မသိဘူး။ မီးခိုးအလုံးကြီးလိုက် တက်လာတယ်။ ကျနော်တို့ ရွာအထိ ညှော်နံရတယ်” ဟု ပြောသည်။

လွယ်လုံကျေးရွာမှ ထွက်လာသည့် မီးတောက်များသည် ထိုနေ့ ည ၈ နာရီကျော်အချိန်ခန့်မှ ငြိမ်သက်သွားခဲ့ပြီး လတ်တလောတွင် ကျေးရွာထဲသို့ ဝင်၍မရသေးသဖြင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ မသိရသေးဘူးဟု ၎င်းက ဆိုသည်။

စံကားမြို့အနီးရှိ လွယ်လုံကျေးရွာအပါအဝင် ကုန်းသာ၊ ဆည်ခေါင်း၊ နန်းပွန် စသည့်ကျေးရွာများမှ ဒေသခံများသည် ဇူလိုင်လ ၁၉ ရက်နေ့က လွယ်လုံစစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြီးချိန်ကတည်းက တိမ်းရှောင်ထွက်ပြေးနေရခြင်းဖြစ်သည်။

ပင်လောင်းမြို့နယ်တွင် တိမ်းရှောင်နေသည့် လွယ်လုံကျေးရွာနေ စစ်ဘေးရှောင်တစ်ဦးက “ကျမတို့ ပြန်ရောက်ရင်တောင် အိမ်တွေက မရှိနိုင်တော့ဘူးဆိုတော့ စိတ်လျှော့ထားရတာပေါ့လေ။ အိမ်တစ်လုံးရဖို့ မလွယ်ပေမယ့် ဒါက တစ်ရွာလုံးဆိုတော့ မတတ်နိုင်ဘူးလေနော်။ သားတွေ စစ်မှုထမ်းမပါတာပဲ ကံကောင်းနေပြီ” ဟု ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း လွယ်လုံကျေးရွာမှ စစ်ဘေးရှောင်လာသည့် အမျိုးသား ၇ ဦးအား PNA အဖွဲ့က PDF များနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် အသက် ၆၀ ကျော်အရွယ် ဦးဆောင် ဆိုသူကို သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ကျန် ၆ ဦးထံမှလည်း ဖုန်း ၆ လုံးနှင့် ဆိုင်ကယ် ၄ စီးအား သိမ်းဆည်းခဲ့ပြီး တစ်ဦးကို ငွေကျပ်သိန်း ၂၀ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖြင့် မိသားစုဝင်များအား ပြန်ရွေးခိုင်းခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here