ULA/AA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ဇူလိုင် ၂ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF) တို့က အချက် ၈ ချက် ပါသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခြင်းဖြစ်သည်။
ထိုကြေညာချက်ထဲတွင် မိမိတို့ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့် မိမိတို့၏ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း၌ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် ရာဝဇတ်မှုကျူးလွန်သည့် လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ယခုအချက်များကို တောင်းဆိုလိုက်သည်ဟု ရေးသားဖော်ပြထားသည်။
အဆိုပါအချက်များတွင် ဒေသတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေနိုင်သော အကြမ်းဖက် လုပ်ရပ်များနှင့် ကျူးလွန်သူများကို အားမပေးဘဲ တားဆီး၍ တိုက်ဖျက် ချေမှုန်းမည်၊ ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီ ထိန်းသိမ်းစစ်ဆေးပြီး နည်းမှန်လမ်းမှန် အရေးယူမည်၊ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်မည် စသည့်အချက်များ ပါဝင်သည်ကို တွေ့ရသည်။
နိရဉ္စရာ ပေးပို့သည်။