ဇွန်လအတွင်း ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၎င်းတို့ရဲ့ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဇွန်လအတွင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာက မိုးဗြဲမြို့၊ မယ်စဲ့၊ ရွာသစ်ပေါ့နော။ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်။ ဒီတိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီက အကုန်လုံးပေါင်းလိုက်ရင် ၅၀ လောက် ကျသွားတယ်ပေါ့နော။ ကြားထဲမှာလည်း နေရာအနှံ့ တိုက်ပွဲအငယ်လေးတွေ ဖြစ်တယ်” ဟု KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေတိုက်ပွဲမှာ လွိုင်ကော်မြို့နယ်မှာ ၇ ကြိမ်၊ ရှားတောမြို့နယ်မှာ ၁ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၄ ကြိမ်၊ ဒီးမော့ဆိုမြို့နယ်မှာ ၅ ကြိမ် စုစုပေါင်း (၁၇) ကြိမ်ခန့်ရှိခဲ့ပြီး မိုးဗြဲမြို့၊ မယ်စဲ့ နဲ့ ရွာသစ်မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။
စစ်ကောင်စီဘက်က သေဆုံးမှုရှိသလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်က ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတာ၊ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်ခဲ့သလို တိုက်ပွဲ မဖြစ်ပွားချိန်တွေမှာလည်း စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သည်။
လက်ရှိတွင်လည်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်း ပို့ဆောင်ခြင်းကို ပြုလုပ်နေပြီး ကရင်နီပြည်ရဲ့နေရာအနှံ့အပြားမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်တဲ့ အတွက် ပြည်သူလူထုတွေအနေနဲ့ သတိထားပြီး သွားလာကြဖို့၊ စစ်ရေးသတိရှိကြဖို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“စစ်ကောင်စီအနေနဲ့က ထပ်ပြီးတော့မှ အင်အားဖြည့်တာမျိုးတွေ တောက်လျှောက် လုပ်နေတယ်။ ရဟတ်ယာဉ်နဲ့ ခဲယမ်း၊ ရိက္ခာပို့တာမျိုးတွေ အင်အားဖြည့်နေတာမျိုး တောက်လျှောက် လုပ်နေတဲ့ အတွက် နေရာအနှံ့မှာ ဘယ်နေရာမဆို တိုက်ပွဲဖြစ်နိုင်တယ်။ ပြည်သူလူထု အနေနဲ့ စစ်ရေးအသိ ရှိပြီးတော့မှ ခရီးဝေးသွားလာတာကို သတိထားသွားလာကြဖို့ စစ်ရေးသတင်းကို မပြတ် နားစွန့်ထားဖို့ လိုတယ်။ တိုက်ပွဲက အချိန်မရွေး နေရာမရွေးဖြစ်ပွားနိုင်တယ်။ ဒါကြောင့်မလို့ တိုက်ပွဲနဲ့ အရဲစွန့်ပြီးတော့ အနီးအနားကို ဖြတ်သန်းသွားတာမျိုးတွေ စစ်ကောင်စီတပ်စွဲထားတဲ့ အနီးကို လုံးဝမသွားဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ၎င်းက ပြောသည်။
ဇွန်လအတွင်း ကရင်နီပြည်နယ် နေရာအနှံ့အပြား တိုက်ပွဲများ ပြင်းထန်ခဲ့တာကြောင့် စစ်ဘေးရှောင် လူဦးရေ ၂ သိန်း ခွဲကျော်အထိ ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့များထံကနေ သိရပါသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။